“ပွဲလန့်တုန်းဖျာခင်းသည့် အနေဖြင့် စစ်ကိုင်းဒေသကြီးအတွင်းရှိ အချို့နေရာများကို PDF ဝင်တိုက်ဟုဆို”
By Narinjara / 2023 November 9

မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)သည် ‘၀’နယ်မြေအတွင်း၌ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ပြီး အဓိကအင်အားများကို အောက်တိုဘာ ၂၇ ရက်တွင် နမ့်တစ်တံတားမှ ချင်းရွှေဟော်သို့ ဖြတ်ဝင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
နိုဝင်ဘာ ၈ ရက် နေ့လယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နေပြည်တော် နိုင်ငံတော် စီမံခန့်ခွဲရေးကောင်စီဥက္ကဋ္ဌရုံးတွင် ပြုလုပ်သည့် ကာလုံ (ခေါ် )အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး (၃/၂၀၂၃)၌ ထိုသို့ ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။
(MNDAA) အနေဖြင့် ‘၀’နယ်မြေအတွင်း၌ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ပြီး အဓိက အင်အားများကို အောက်တိုဘာ ၂၇ ရက်တွင် နမ့်တစ်တံတားမှ ချင်းရွှေဟော်သို့ ဖြတ်ဝင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါမနက်ပိုင်းတွင် နမ့်တစ်ချောင်းအားဖြတ်ကူး၍ ချင်းရွှေဟော်အား အလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လောက်ကိုင်ဒေသနှင့် ချင်းရွှေဟော် ဒေသရှိ လုံခြုံရေး စခန်းများမှာ စစ်ဆင်ရေးစခန်းများ မဟုတ်ဘဲ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် စခန်းများသာဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် Drone များအသုံးပြု၍ Drone Bomb များ အများအပြား အသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖြစ်စဉ်တွင် MNDAA နှင့် အတူ KIA၊ TNLA၊ AA နှင့် PDF အဖွဲ့များ ပါဝင်ခဲ့သည်ကို တွေ့ရကြောင်း၊ အဓိကအနေဖြင့် MNDAAနှင့် TNLA အဖွဲ့ဖြစ်ပါကြောင်း ဖော်ပြထားသည်။
၎င်းပြင် ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲဖြစ်စဉ်များတွင် ဒရုန်း (Drone) များကို အဓိက အသုံးပြုပြီး တိုက်ခိုက်သည်ကို တွေ့ရပြီး ၎င်းဒရုန်းများမှာ တရုတ်ထုတ် ဒရုန်းများဖြစ်ကြောင်း စစ်ခေါင်းဆောင်က ဆက်လက် ပြောဆိုသည်။
“ရှမ်းပြည်နယ်မြောက်ပိုင်း (လောက်ကိုင်) ဒေသဖြစ်စဉ်များတွင် MNDAA အဖွဲ့အနေဖြင့် ဒရုန်းများကို အဓိက အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ Drone များမှာ တရုတ်နိုင်ငံထုတ် ကုန်ထုတ်လုပ်ငန်းသုံး Drone များဖြစ်ပြီး စျေးကွက်တွင် လွယ်ကူစွာ ဝယ်ယူ၍ ရနေကြောင်း” ပြောသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသတွင် ဖြစ်စဉ်များ ဖြစ်ပွားနေချိန် အတွင်း ပွဲလန့်တုန်းဖျာခင်းသည့် အနေဖြင့် စစ်ကိုင်းဒေသကြီးအတွင်းရှိ အချို့ နေရာဒေသများတွင် PDF များက ဝင်ရောက် တိုက်ခိုက်မှုများ လုပ်ဆောင်လာကြောင်း၊ PDF များနှင့်အတူ KIA နှင့် AA တို့ ပါဝင်သည်ကို တွေ့ရကြောင်း စစ်ခေါင်းဆောင်က ပြောဆိုသည်။
ကာလုံအစည်းအဝေးသို့ ယာယီဒုသမ္မတ ဦးမြင့်ဆွေ၊ .ယာယီ ဒုတိယ သမ္မတဦးဟင်နရီ ဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားခံရသည့် စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ စစ်ကောင်စီ တွဲဘက်အတွင်းရေးမှူး ရဲဝင်းဦးနှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးမြင့်ဆွေတို့ တက်ရောက်ခဲ့ကြသည်။
ကာလုံအစည်းအဝေးတွင် ယာယီဒုသမ္မတ ဦးမြင့်ဆွေက ယခုနယ်စပ် ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲမှာ စစ်ကောင်စီတပ်က စွမ်းစွမ်းတမံ မဆောင်ရွက်ပါက တိုင်းပြည် အစိတ်စိတ်အမွှာအမွှာ ကွဲသွားနိုင်ပြီး သေသေချာချာ စနစ်တကျကိုင်တွယ်သွားရန် လိုအပ်ကာ တိုင်းပြည်အတွက် အရေးကြီးသည့်ကာလဟုလည်း ပြောဆိုသွားခဲ့သည်။
https://www.facebook.com/narinjara.info/posts/737241915109607