၁၀၂၇ စစ်ဆင်ရေး ၈ရက်မြောက်နေ့တွင် စစ်ကောင်စီတပ်စခန်း ၄ ခုနှင့်  စစ်လက်နက်ပစ္စည်း ၄ မျိုးရရှိကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့ထုတ်ပြန်

By Arakan Bay News / 2023 November      3

စစ်အာဏာရှင်စနစ်အမြစ်ပြတ် တိုက်ပွဲဝင်နေသည့် ၁၀၂၇ စစ်ဆင်ရေး ၈ရက်မြောက်နေ့တွင် စစ်ကောင်စီတပ်စခန်း ၄ ခုနှင့်  စစ်လက်နက်ပစ္စည်း ၄ မျိုးရရှိကြောင်း ညီနောင် မဟာမိတ် ၃ဖွဲ့က ယနေ့ညနေ ၅နာရီ ၁၅ မိနစ်တွင်ထုတ်ပြန်လိုက်သည်။

သိမ်းပိုက်ရရှိခဲ့သည့် စခန်းများမှာ  (၁)  တအာင်းပြည်နယ်၊ တပ်မဟာ (၁) စစ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသော ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်း၊ ( ၂) တအာင်းပြည်နယ်၊ တပ်မဟာ (၃) စစ်ဒေသတွင်းရှိ စစ်ကောင်စီ၏ “မန်တုံရဲစခန်း” ( ၃) မန်တုံမြို့ရှိ စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ် “ပူးပေါင်းတပ်စခန်း” ( ၄) တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ “ကွန်ခါတပ်စခန်း” အား အပြီးသတ်ချေမှုန်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် စစ်လက်နက်ပစ္စည်းများဖြစ်သော လက်နက် (၄) လက်၊ ၆၀ မမ ဗုံးသီး (၃၀) လုံး၊ RPG အသီး (၈၀) လုံး၊ လက်ပစ်ဗုံး (၅၀) လုံး၊ ကျည်ဆံအမြောက်အမြားရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း စစ်ကောင်စီဖက်မှ ဂျက်တိုက်လေယာဥ်ဖြင့် ၃ ကြိမ်လာရောက်ပစ်ခတ်ခဲ့သည် ဟု သိရသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့ လှုပ်ရှားခြင်း လည်းမရှိသော တအာင်းပြည်နယ်၊ တပ်မဟာ (၁) စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်၊ ဟိုခိုကျေးရွာတွင်းသို့ စစ်ကောင်စီသည် ဖျက်အားပြင်း ပေါင် (၅၀၀) ဗုံးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လူနေအိမ် (၃) လုံး ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်၌တွေ့ရသည်။

ထို့အပြင် တိုက်ပွဲများအတွင်း ရန်သူ့အလောင်းများ၊ စစ်ဘက်ဆိုင်ရာ အချက်အလက်များနှင့် လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရရှိခဲ့ သလို ဖမ်းဆီးရမိသော လက်နက်ချအလင်းဝင် လာသည့် ရန်သူ့တပ်ဖွဲ့ဝင်များအား ၎င်းတို့၏ဆန္ဒအတိုင်း အကောင်းဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ညီနောင် ၃ ဖွဲ့ကဆိုသည်။

https://www.facebook.com/ArakanBayNewsMedia/posts/304261532460105

Leave a Reply

Your email address will not be published.