၁၀၂၇ စစ်ဆင်ရေး (၇) ရက်မြောက်နေ့တွင် ညီနောင်မဟာမိတ်(၃)ဖွဲ့က မြို့ ၄ ခုအားထိန်းချုပ်နိုင်ပြီ

(ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီနှင့် ကွမ်းလုံမြို့များတွင် စစ်ရှိန်မြင့်တက်နေလျက်ရှိ)

By Narinjara / 2023 November     2

Photo – Operation 1027

၁၀၂၇ စစ်ဆင်ရေး (၇) ရက်တာ ကာလအတွင်း ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နှင့် ကြူကုတ် (ပန်ဆိုင်း) မြို့များကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း operation 1027 က ယနေ့ နိုဝင်ဘာလ (၂) ရက် ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့်အောက်တိုဘာလ ၃၁ ရက်နေ့တွင် မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ ဖောင်းဆိုင်ဒေသတွင် ရန်သူ့သံချပ်ကာကား ၁ စီးအား ထပ်မံ သိမ်းဆည်းရရှိခဲ့ပြီး စစ်ဆင်ရေး ၆ ရက်တာကာလအတွင်း သံချပ်ကာစုစုပေါင်း ၆ စီးအား သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တ‌‌အာင်းတပ်မ‌တော် (TNLA) နှင့်ရက္ခိုင့်တပ်‌တော်(AA)တို့သည့် နံနက် (၆:၁၂) အချိန်ခန့်နှင့် (၇:၄၂)  အချိန်ခန့်တွင် ကိုးကန့်ခရိုင်၊ တုံးရှမ်းဒေသရှိ ရန်သူ့စစ်စခန်း (၂) ခုအား အပြီးသတ်ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

TNLA နှင့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်(MDY PDF) ပူးပေါင်းတပ်ဖွဲ့က တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာနှင့် အုမ္မတီးကျေးရွားကြား စခန်းချထားသော ရန်သူ့စစ်စခန်း (၁) ခုအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်မှာဖော်ပြထားသည်။

TNLA မှ တအာင်းပြည်နယ်၊ တပ်မဟာ (၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသော စစ်ကောင်စီ၏ “ရွှေလီကြိုးတံတားရဲကင်း” အား နေ့လယ် (၁၁း၅၀) အချိန်ခန့်တွင် သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ သိန္နီနှင့် ကွမ်းလုံမြို့များတွင် စစ်ရှိန်မြင့်တက်နေလျက်ရှိနေကြောင်း သိရသည်။

ညီနောင်မဟာမိတ်(၃) ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ၁၀၂၇ စစ်ဆင်ရေး စတင်သည့်

အောက်တိုဘာလ ၂၇ ရက်မှစ၍ (၆) ရက်တာကာလအတွင်း စစ်ကောင်စီ၏ စစ်ရေးအရအရေးပါသော တပ်စခန်း (၈၇) ခုကျော်အား အပြီးသတ်သိမ်းပိုက်ခဲ့သည်။ (NN-11)

https://www.facebook.com/narinjara.info/posts/733705995463199

Leave a Reply

Your email address will not be published.