“MNDAAနှင့် AA ပူးပေါင်းတပ်ဖွဲ့က ကိုးကန့်ခရိုင်နှင့် မုံးကိုးဒေသအတွင်း စစ်ရေးအရအရေးပါသော တပ်စခန်းပေါင်း(၈) ခုထက်မနည်း အပြီးသတ်ချေမှုန်း သိမ်းပိုက်”
By Narinjara / 2023 November 6

၁၀၂၇ စစ်ဆင်ရေး (၁၀) ရက်တာကာလအတွင်း ညီနောင်မဟာမိတ် (၃) ဖွဲ့သည် စစ်ကောင်စီ၏ စစ်ရေးအရအရေးပါသော တပ်စခန်းအကြီး၊ အငယ်များ၊ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ စခန်းများနှင့် ၎င်းတို့၏ လက်အောက်ခံပြည်သူ့စစ်စခန်းများ အပါအဝင် တပ်စခန်းစုစုပေါင်း (၁၂၀) ကျော်အား သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
ယင်းအပြင် တင့်ကားကြီးများ၊ ဟောင်ဝစ်ဇာလက်နက်ကြီးများ၊ လေယာဥ်ပစ် လက်နက်ကြီးများနှင့် စစ်လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်း ရရှိခဲ့ကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ယမန်နေ့ နိုဝင်ဘာ ၅ ရက် ညနေပိုင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယမန်နေ့ကလည်း ကိုးကန့်တပ်မတော် (MNDAA)နှင့် တအာင်းတပ်မတော် (TNLA)တို့သည် စစ်ကောင်စီတပ်စခန်းတချို့အား ထပ်မံသိမ်းပိုက်ခဲ့သည်ဟု ဖော်ပြသည်။
ယမန်နေ့ နံနက် (၁၀:၁၀)နာရီခန့်တွင် ကိုးကန့်တပ်မတော် (MNDAA) သည် မုံးကိုးခရိုင်၊ ရှောက်ချင်းရှုဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းအား အပြီးသတ် ချေမှုန်း သိမ်းပိုက်ခဲ့ပြီး နံနက် (၆) အချိန်ခန့်တွင် တအာင်းတပ်မတော် (TNLA) သည်လည်း ၎င်းတို့၏ တပ်မဟာ (၃) စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာ အုပ်စုရှိ စစ်ကောင်စီ၏ “မန်ဝင်တပ်စခန်း” နှင့် ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်သပြေကျေးရွာရှိ၊ စစ်ကောင်စီတပ်စခန်းအား အပြီးသတ်ချေမှုန်း သိမ်းပိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအပြင် တိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်ကူလာသည့် စစ်ကား (၄) စီးကို တအာင်းတပ်မတော်(TNL) သည် တပ်မဟာ (၄) စစ်ဒေသ၊ လားရှိုးနှင့် သိန္နီကြား (၁၄ – ၁၅ မိုင်) ကြားရှိ နမ့်တွန်ကျေးရွာအနီးမှ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ လက်နက် (၂) လက်၊ စစ်အသုံးအဆောင် ပစ္စည်းများနှင့် စစ်ကား (၄) စီးကို ယမန်နေ့ နံနက်ပိုင်းတွင် သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။
ယင်းအပြင် ယမန်နေ့ မွန်းတည့် (၁၂:၀၀)ခန့်တွင်လည်း တအာင်းတပ်မတော် (TNLA) သည် တပ်မဟာ (၃) စစ်ဒေသ၊ မန်တုံမြို့နယ်၊ ခိုမုန်းကျေးရွာရှိ ရန်သူစစ်ကောင်စီ၏ “ခိုမုန်းတပ်စခန်း” အား အပြီးသတ်ချေမှုန်း သိမ်းပိုက်ခဲ့သည်ဟု ရေးသားထားသည်။
အလားတူ နိုဝင်ဘာလ (၄) ရက်နေ့ တစ်ရက်တည်းတွင်လည်း ကိုးကန့်တပ်မတော် (MNDAA)နှင့် ရက္ခိုင့်တပ်တော်(AA) တို့သည် ကိုးကန့်ခရိုင်နှင့် မုံးကိုးဒေသအတွင်း စစ်ရေးအရအရေးပါသော တပ်စခန်းပေါင်း(၈) ခုထက်မနည်း အပြီးသတ်ချေမှုန်း သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ချအလင်းဝင်သူများရှိသလို ထွက်ပြေးကြသူများလည်း အများအပြားရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကောင်စီအနေနှင့် လေကြောင်းပစ်ကူတိုက်ခိုက်မှုများကိုသာ အားထား လာရပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် နေရာဒေသများကို ဦးတည် တိုက်ခိုက်သော လေကြောင်းတိုက်ခိုက်မှု များကြောင့် အရပ်သားပြည်သူများ သေဆုံးခဲ့ရသလို လူနေအိမ်အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။
ရက္ခိုင့်တပ်တော် (AA) အခြေစိုက်လှုပ်ရှားရာ ရက္ခိုင်ဒေသအတွင်းတွင်လည်း ရန်သူစစ်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေးကာလ အတွင်း စစ်ရေးအင်အား ဖြည့်တင်းခြင်းများကို ပိုမိုပြုလုပ်လာသကဲ့သို့ ၎င်းတို့စိုးမိုးရာ ရက္ခိုင်မြို့ကြီးများ တချို့တွင် အရပ်ဘက် အဖွဲ့အစည်းများအား စစ်ဆေးမေးမြန်းခြင်းနှင့် လုံခြုံရေးတိုးမြှင့်ခြင်းများကို ပိုမိုလုပ်ဆောင်လာလျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။ (NN-7)
https://www.facebook.com/narinjara.info/posts/735833688583763