By Western News / 2023 November 25
အောက်တိုဘာလ ၂၇ ရက်နေ့က ရှမ်းပြည်မြောက်ဒေသတွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကို Nationwide Operation အဖြစ်ပြောင်းလဲပြီးနောက် နိုဝင်ဘာလ ၂၇ ရက်နေ့ တစ်လပြည့်သည့်နေ့တွင် နောက်တစ်ဆင့် တက်မည်ဟု ညီနောင်မဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့က ကြေညာလိုက်သည်။
အာဏာသိမ်းစစ်ကောင်စီနှင့် ဖြစ်ပွားနေသည့် စစ်ရေးအခြေအနေများကို ယမန်နေ့ နိုဝင်ဘာလ ၂၄ ရက်နေ့က MNDAA, TNLA, AA တို့ ဖွဲ့ထားသည့် ညီနောင်မဟာမိတ်တပ်မှ သတင်းထုတ်ပြန်ရာတွင် ယင်းကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်သည်။
“Nationwide Operation သည်လည်း မိမိတို စစ်ဆင်ရေး တစ်လပြည့်သည့် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် နောက်တစ်ဆင့် တက်ရန် အသင့်ဖြစ်နေပြီ” ဟု ကြေညာထားသည်။
ဟန်ချက်ညီစစ်ဆင်ရေးမှတစ်ဆင့် ပြည်သူကို လက်နက်ကြီးများဖြင့် ပစ်ခတ်သတ်ဖြတ်နေသော စစ်ကောင်စီ၏ စစ်စခန်းများ၊ မဟာဗျူဟာမြောက် အချက်အချာကျသော ကုန်းများအား အပြီးသတ်ချေမှုန်းတိုက်ခိုက်သည့် စစ်ဆင်ရေးတိုင်းတွင် မိမိတို့တပ်ဖွဲဝင်များ၏ အသက်၊ သွေး၊ ချွေး၊ အရင်းအနှီး၊ ပေးဆပ်မှုများစွာဖြင့် ရယူနိုင်ခဲ့သည်ဟု ညီနောင်မဟာမိတ်တပ်က ဆိုသည်။
၁၀၂၇ စစ်ဆင်ရေးမှာ စတင်ခဲ့သည့်နေ့မှ ယမန်နေ့အထိ ၂၉ ရက်နေ့မြောက်သို့ ရောက်ရှိလာနေပြီး စစ်ရေးလှုပ်ရှားရာဒေသများတွင် စစ်ရှိန်ဆက်လက်မြင့်တက်လျှက် သတ်မှတ်ထားသော စစ်ကောင်စီ၏ အရေးပါသော နေရာများ၊ လက်နက်ကြီးကုန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိသည်ဟု သိရသည်။
၁၀၂၇ စစ်ဆင်ရေးစတင်သည့်အချိန်မှ ယနေ့အချိန်အထိ သမိုင်းဝင်စစ်ဆင်ရေးများကို တစ်ခုပြီးတစ်ခု ဆင်နွှဲခဲ့ပြီး စစ်ဆင်ရေးကာလအတွင်း ပေးဆပ်မှုများစွာဖြင့် နေ့ရက်တိုင်းကိုကျော်ဖြတ်ကာ တစ်ဖွဲ့ချင်းစီ၏ ရည်မှန်းချက်၊ ဘုံရည်မှန်းချက်များကို စည်းလုံးညီညွတ်စွာဖြင့် တစ်ဆင့်ချင်းအကောင် အထည်ဖော်လျက် ရှိကြောင်းလည်း ပြောသည်။
” စစ်ဆင်ရေးအောင်မြင်မှုများနှင့်အတူ ဟန်ချက်ညီစစ်ဆင်ရေးမှသည် Nationwide Operation တစ်နိုင်ငံလုံးမှ လူတိုင်း ပါဝင်သော စစ်ဆင်ရေးကြီး ဖြစ်ပေါ်လာမှသာလျှင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်နိုင်မည်ဖြစ်သောကြောင့် ဤစစ်ဆင်ရေးကြီးထဲတွင် လူတိုင်း၊ တစ်ယောက်ချင်းစီတိုင်း ပါဝင်ကြရန် တိုက်တွန်းနှိးဆော်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ အနေဖြင့် ရည်မှန်းထားသော စစ်ဆင်ရေးအစီအမံများကို တစ်ခုပြီးတစ်ခု ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စစ်ဆင်ရေးအရှိန်ကိုလည်း ရပ်တန့်မသွားရစေရန် အခြားသော မိတ်ဖက်အဖွဲ့အစည်းများ၊ နွေဦး တော်လှန်ရေးအဖွဲ့အစည်းထဲမှ ပေါက်ဖွားလာသော တော်လှန်ရေးအဖွဲ့အစည်းများ၊ ဘုံရည်မှန်းချက်တူညီသော အဖွဲ့အစည်းများနှင့် အတူတကွ ဆင်နွှလျက်ရှိသည်ဟု သိရသည်။
ရှမ်းပြည်မြောက်ပိုင်းဒေသတွင် ကိုးကန့်တပ် MNDAA နှင့် တအောင်းတပ် TNLA တို့သည် ၎င်းတို့ ယခင် နယ်မြေများဖြစ်သည့် နေရာဒေသ မြို့အချို့အား လက်ရှိတွင် စစ်ကောင်စီလက်ထဲမှ ရယူထားနိုင်ပြီဖြစ်ကြောင်းနှင့် MNDAA သည် ၎င်းတို့၏ မိခင်မြေဖြစ်သည့် လောက်ကိုင်မြို့ကို အလုံးစုံရရှိနိုင်ရန် စစ်ကောင်စီအား ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပြီး မကြာမီအချိန်တွင် မြို့တစ်ခုလုံးကို ဝင်သိမ်းပိုက်တော့မည်ဟု သတိပေး ကြေညာထားသည်။
ရက္ခိုင့်တပ်တော် AA သည်လည်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ ရဲတပ်ရင်းတပ်ဖွဲ့များကို ပထမဆုံး ဦးတည်တိုက်ခိုက်နေပြီး ယနေ့အထိ ရဲတပ်စခန်း ၄ ခုကို သိမ်းပိုက်ထားကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်လွှတ်ခဲ့သော စခန်း ၄၀ ကျော်ကိုလည်း သိမ်းပိုက်ထားကြောင်း AA က ပြောသည်။
ဆက်လက်ပြီး ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ အရေးပါသော အခိုင်အမာပြုလုပ်ထားသည့် တရွန်အိုင်ဗျူဟာနှင့် နှုံးဘူးဗျူဟာတို့ကို အပြီးအပိုင် သိမ်းပိုက်နိုင်ရေးအတွက် နိုဝင်ဘာလ ၁၄ ရက်နေ့မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု AA က ထုတ်ပြန်ထားသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/787718933367535