By Narinjara / 2023 November 4
စစ်ကောင်စီသည် ဧရာဝတီတိုင်းဘက်မှ စစ်သားများကို စစ်ရေယာဥ်များဖြင့် သယ်ဆောင်ပြီး ညဥ့်အချိန် ကျောက်ဖြူရှိ တပ်ရင်းများသို့ အင်အားဖြည့်တင်းနေကြောင်း မြို့ခံများက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ဧရာ၀တီတိုင်းဘက်မှ စစ်ကောင်စီတပ်သားများကို ယူဆောင် အင်အားဖြည့်နေရာ ယမန်နေ့ နိုဝင်ဘာလ ၃ ရက်၊ ည ၇ နာရီအချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၈၀ ခန့်သည် ရေတပ် စစ်ရေယာဥ်တစ်စီး ကျောက်ဖြူမြို့သို့ ရောက်ရှိလာခဲ့သည်ဟု ကျောက်ဖြူမြို့ခံ တက်ကြွ လှုပ်ရှားသူတစ်ဦးက ပြောသည်။
” သူတို့ ည ၇ နာရီလောက်မှာ ပင်လယ်ကနေ နေဗီသင်္ဘောတစ်စီးကပ်တယ်။ အင်အား ၈၀ လောက်ပါနိုင်တယ်။ အဲဒီတပ်ဖွဲ့ဝင်တွေကို သူတို့ ကျောက်ဖြူက ခြေလျင်တပ်ရင်းတွေဆီ ပို့ကြတာလို့သိရတယ်” ဟုသူကပြောသည်။
အဆိုပါနေဗီစစ်ရေယာဥ်တွင် တင်ဆောင်လာသည့် စစ်ကောင်စီ တပ်သားများမှာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့ အခြေစိုက် အမှတ်(၆၃ )တပ်ရင်းမှ စစ်သားများဟု စုံစမ်းသိရှိရကြောင်း သူကဆက်ပြောသည်။
” ကျွန်တော်တို့စုံစမ်းလို့ သိထားရသလောက်ကတော့အဲဒီနေဗီနဲ့တင်လာတဲ့ စစ်သားတွေက လပွတ္တာဘက်ကလို့သိရပါတယ်။” ဟု ပြောသည်။
အဆိုပါသယ်ဆောင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား စစ်ကောင်စီတပ်ကားများဖြင့် ကျောက်ဖြူမြို့ ခမရ (၅၄၂ ) သို့ ပို့ဆောင်ဖြည့်တင်းခဲ့ခြင်းဖြစ်ကြောင်း နိရဥ္စရာကစုံစမ်းသိရှိရသည်။
ယနေ့ နိုဝင်ဘာ ၄ ရက် မနက်ခြောက်နာရီခွဲဝန်းကျင်ကလည်း စစ်ကောင်စီ၏ ရိက္ခာအပြည့်တင်ဆောင်လာသည့် ဘုတ်တစ်စီးသည် ကျောက်ဖြူအမှတ်(၃) ဆိပ်ကမ်းသို့ ရောက်ရှိလာပြီး အဆိုပါစက်လှေပေါ်တွင်ပါလာသည့် ရိက္ခာများအား ကျောက်ဖြူခရိုင်ရှိ ရဲသင်တန်းကျောင်းများသို့ ပို့ဆောင်ဖြည့်တင်းခဲ့ကြောင်း ကျောက်ဖြူမြို့ခံလူငယ်တစ်ဦးကပြောသည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲဖြစ်ပွားစဉ် တပ်မ ၉၉၊ တပ်မ ၅၅ အပါအဝင် တပ်မ ၅ ခုထိ တိုးမြှင့်ချထားခဲ့သော်လည်း လက်ရှိတွင် အဆိုပါတပ်မများမှာ ရခိုင်မှာ ဆုတ်ခွာသွားခဲ့ပြီး လက်ရှိတွင် တပ်မ ၂၂ နှင့် တပ်မ ၁၁ သာ ကျန်ရှိတော့၍ စစ်အင်အား အလွန်နည်းပါးနေသည်ဟု စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်များအရ သိရသည်။
“ ရခိုင်မှာ စစ်တပ်အင်အားက သိပ်မရှိတော့ဘူး။ အခြေစိုက် တပ်ရင်းတွေလည်း အင်အားမရှိတော့ တပ်အင်အားကို ဧရာ၀တီဘက်ကနေ ယူဆောင်ပြီး အင်အားဖြည့်တင်းတဲ့ သဘောပါ”ဟု စစ်ရေးလေ့လာ အကဲခတ်သူတစ်ဦးက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးကို ရက္ခိုင့်တပ်တော်(AA)က ညီနောင်မဟာမိတ်များနှင့် ပူးပေါင်းတိုက်ခိုက်နေချိန်တွင် စစ်ကောင်စီက ရခိုင်ပြည်တွင်းရှိတပ်စခန်းများသို့ ရိက္ခာ၊ လက်နက်များကို နေ့အချိန် စစ်ကားများဖြင့် ရွှေ့ပြောင်းဖြည့်တင်းမှုများရှိသလို ညဥ့်အချိန်တွင်လည်း နေဗီဇက်ရေယာဥ်များဖြင့် လာရောက်ဖြည့်တင်းမှုများရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။
အောက်တိုဘာ ၃၀ ရက်၊ ည ၇ နာရီကလည်း ကျောက်ဖြူမြို့၊ အစိုးရ ရပ်ကွက်ရှိ အမှတ်(၁) တရုတ်ဆိပ်ခံတံတားတွင် စစ်ကောင်စီနေဗီဇက်ရေယာဥ် တစ်စီး ဆိုက်ကပ်ခဲ့ပြီး မြို့နယ်တွင်းရှိ တပ်ရင်းများသို့ ရိက္ခာများရွှေ့ပြောင်း ဖြည့်တင်းမှု ရှိခဲ့ကြောင်း ကျောက်ဖြူမြို့ခံလူငယ်အမျိုးသား တစ်ဦးက ပြောသည်။
အဆိုပါနေဗီဇက်ရေယာဥ်တွင် စားနပ်ရိက္ခာအမြောက်အများနှင့် စစ်သည် တချို့လည်းပါလာပြီး ကျောက်ဖြူမှ ခလရ ၃၄၊ ခမရ ၅၄၂ ၊ ခမရ ၅၄၃ တပ်ရင်းများသို့ စစ်ကား ၆ စီးခန့်ဖြင့် သယ်ဆောင်ဖြည့်တင်းခဲ့ကြောင်း သူက ပြောသည်။
https://www.facebook.com/narinjara.info/posts/734971108670021