By DMG / 2023 November 13

မြန်မာနိုင်ငံမြောက်ပိုင်းတွင် ညီနောင်သုံးဖော် မဟာမိတ် တပ်ပေါင်းစုက တရုတ်နှင့် နယ်စပ်ချင်းထိကပ်နေ ဧရိယာများအပါအဝင် နယ်မြေအများအပြားကို ထိုးစစ်ဆင် သိမ်းပိုက်နေသည်။ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်အတွက် ယခုတိုက်ခိုက်မှုများသည် ကြီးမားသည့် အခက်အခဲကြီးတစ်ရပ် ဖြစ်လာနေသည်ဟု လက်နက်ကိုင်တပ်ဖွဲ့ အကြီးအကဲတစ်ဦး အပါအဝင် သံတမန်များနှင့် လေ့လာသူများက ယူဆကြသည်။
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ညီနောင်သုံးဖော် တပ်ပေါင်းစုက ထိုးစစ်ဆင်သိမ်းယူခဲ့သည့် မြို့အရေအတွက် အများအပြားရှိသလို မြန်မာစစ်တပ်၏ တပ်စခန်းလည်း ရာနှင့်ချီ အသိမ်းခံခဲ့ရပြီဖြစ်သည်။
နိုင်ငံသည် လက်နက်ကိုင် တိုက်ခိုက်မှုများကို ဖြေရှင်းနိုင်ခြင်း မရှိသည့်အတွက် တစစီပြိုကွဲမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု မြန်မာစစ်တပ်က ခန့်အပ်အားသည့် သမ္မတက နိုဝင်ဘာလ ၉ ရက်နေ့က ပြောသည်။
အိမ်နီးချင်းနိုင်ငံ၌ ဆိုးဝါးလာနေသည့် အခြေအနေကို သတိပြုမိလာပြီးနောက်တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း နိုဝင်ဘာလ ၁၀ ရက်နေ့၌ ဘေကျင်းနေအဖြင့် မြန်မာနယ်စပ်တွင် လုံခြုံရေးနှင့် တည်ငြိမ်ရေးကို အာမခံဆောင်ရွက်သွားမည် ဟု ထုတ်ပြန်ခဲ့သည်။ ပဋိပက္ခနှင့် သက်ဆိုင်သည့် အင်အားစုများအားလုံးကိုလည်း ချက်ချင်း အပစ်အခတ်ရပ်ကြရန် တိုက်တွန်းခဲ့သည်။
စစ်တပ်ဆန့်ကျင်ရေး တိုက်ခိုက်ရေးသမားများသည် မကြုံစဖူးသည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် စစ်ဆင်ရေးကြီးတွင် ပါဝင်လှုပ်ရှားလျက်ရှိကာ လက်ရှိအချိန်အထိ မြန်မာစစ်တပ်စခန်း ၁၀၀ ကျော်ကို ချေမှုန်းထားပြီဖြစ်သည်။ တပ်မတော်သည်လည်း နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးနှင့် အကောက်အခွန် ပမာဏ၏ ၄၀ ရာခိုင်နှုန်းခန့်အထိ ရှိနေသည့် ဧရိယာများကို လက်လွတ်ဆုံးရှုံးနိုင်ခြေရှိနေသည်ဟု အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) ပညာရှင်များအဖွဲ့က ပြောဆိုသည်။
လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ ရှိနေသည့် ရှမ်းပြည်နယ်တွင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ အရေအတွက်သည် ၅ သောင်းခန့်ရှိနေပြီး အချို့မှာလည်း နယ်စပ်ဖြတ်ကျော်ကာ တရုတ်ပြည်ဘက်သို့ တိမ်းရှောင်နေကြကြောင်း ကုလသမဂ္ဂက နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
“ဒါက တော်တော်ကြီးမားပါတယ်” ဟု ၁၀၂၇ စစ်ဆင်ရေးဟု အမည်ပေးထားသည့် ယခုတိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး လေ့လာစောင့်ကြည့်နေသူ သံတမန်တစ်ဦးက ပြောကြားသည်။
“ဒီအချိန်ဟာ အာဏာသိမ်းမှု နောက်ပိုင်းမှာ တပ်မတော်အတွက် အားအနည်းဆုံးအချိန်ပါပဲ” ဟု အမည်မဖော်လိုသူ အဆိုပါသံတမန်က ဆိုသည်။ သူ့အဆိုကို နောက်ထပ် သံတမန်နှစ်ဦးကလည်း သဘောတူကြသည်။
ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး သဘောထားမှတ်ချက်ပေးရန် ရိုက်တာသတင်းဌာန၏ ဆက်သွယ်မှုကို စစ်ကောင်စီပြောခွင့်ရဘက်က အကြောင်းမပြန်ခဲ့ပေ။
လက်နက်အင်အား ပိုမိုသာလွန်သည့် မြန်မာစစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်ရန်အတွက် လက်နက်ကိုင် တပ်ပေါင်းစုသည် တစ်နှစ်ကျော်ကြာ ကြိုတင်ပြင်ဆင်ခဲ့ရသည်ဟု လက်နက်ကိုင်ခေါင်းဆောင် တစ်ဦးဖြစ်သူ မောင်ဆောင်းခက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။ မောင်ဆောင်းခသည် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၏ ခေါင်းဆောင်ဖြစ်သည်။ BPLA တပ်ဖွဲ့ဝင်များ သည်လည်း လက်ရှိတိုက်ခိုက်မှုများတွင် ပူးပေါင်းပါဝင်လျက်ရှိသည်။
ယခုစစ်ဆင်ရေးသည် နွေဦးတော်လှန်ရေး၏ အကြီးဆုံးနှင့် အောင်မြင်မှုအရှိဆုံး ဖြစ်သည်ဟု သူကဆိုသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အရပ်သားအစိုးကို စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် ပေါ်ထွက်လာခဲ့သည့် လူထုလှုပ်ရှားမှုကြီးကို သူက ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။
မြန်မာစစ်တပ်သည် ပြန့်ကြဲလျက်ရှိကာ တော်လှန်ရေးအုပ်စုများကလည်း စစ်တပ်ကို ထိုးနှက်တိုက်ခိုက်နိုင်ရန် အနီးကပ် ပူးပေါင်းလုပ်ဆောင်နေကြသည်ဟု NUG အစိုးရအကြံပေးတစ်ဦးက ပြောသည်။ NUG သည် စစ်ကိုင်းတိုင်းရှိ မြို့နယ်များတွင် ဆောင်ရွက်နေကြသည့် တိုက်ခိုက်မှုများကို ကျောထောက်နောက်ခံ ပေးထားသည်။
“ဒီလိုအခွင့်အရေးမျိုးက ဘယ်တော့မှ ပြန်ရတော့မှာ မဟုတ်ဘူး” ဟုလည်း အမည်မဖော်လိုသည့် အဆိုပါအကြံပေးက ပြောကြားသည်။
တရုတ်၏ လွှမ်းမိုးမှု
လက်ရှိအချိန်အထိကတော့ လက်နက်ကိုင်တပ်ဖွဲ့များသည် စစ်တပ်ဘက်က မယုံကြည်လောက်ဖွယ်ရာ အားနည်းသည့် အနေအထားဖြင့်သာ ဆောင်ရွက်နိုင်သည့် တန်ပြန်တိုက်ခိုက်မှုကို ရင်ဆိုင်နေရသည်ဟု လေ့လာသူများနှင့် တော်လှန်ရေးခေါင်းဆောင်များက ဒေသခံ မီဒီယာများကို ဖြေကြားချက်များအရ သိရသည်။
ယခုထိုးစစ်က စီးပွားရေးပိတ်ဆို့မှု၊ နိုင်ငံခြား အရံငွေ ပြတ်တောက်မှုနှင့် လာဘ်စားမှုများကြောင့် အကျပ်ရိုက်နေသည့် စစ်တပ်ခေါင်းဆောင်ပိုင်းကိုလည်း ဖိအားပေးလျက်ရှိသည်ဟု သံတမန်များက ပြောကြားသည်။
မြန်မာခေါင်းဆောင်များနှင့် တရုတ်တို့အကြား ဆက်ဆံရေးသည်လည်း နယ်စပ်ရေးရာ ကိစ္စရပ်များကြောင်း ယိုင်နဲ့လျက်ရှိသည်။ ရက္ခိုင့်တပ်တော် အေအေ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA၊ တအာန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့သုံးဖွဲ့က စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းကာ တိုက်ခိုက်လျက်ရှိသည့် ယခုစစ်ဆင်ရေးသည် တရုတ်ဘက်ကသာ ဆန့်ကျင်မှုများ ရှိခဲ့ပါက ယခုကဲ့သို့ အကောင်အထည် ဖော်နိုင်မည်မဟုတ်ဟု သံတမန်များက သုံးသပ်ကြသည်။
ဘေကျင်းသည် တရုတ်မြန်မာနယ်စပ်တွင် ဆက်သွယ်ရေးလုပ်ငန်းများနှင့် အွန်လိုင်းလိမ်လည်မှုများ အကြီးအကျယ် ပြုလုပ်နေသည့် ရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းပေးရန် မကြာသေးမီလများအတွင်း မြန်မာအပေါ် ဖိအားပေးနေလျက်ရှိသည်။
ညီနောင်သုံးဖော်က ထုတ်ပြန်ခဲ့သည့် စစ်ဆင်ရေးကြေညာချက်တွင် ဆိုခဲ့ပါ ရာဇဝတ်ဂိုဏ်းများကို ရှင်းလင်းရန်လည်း ရည်ရွယ်သည်ဟု ထည့်သွင်းပြောကြားထားသည်။ အဆိုပါဂိုဏ်းများအား မြန်မာစစ်တပ်က အကာအကွယ် ပေးထားသည်ဟုလည်း ၎င်းတို့က ပြောသည်။
အခြားတစ်ဘက်တွင်လည်း တရုတ်သည် အဆိုပါ ဒေသများ၌ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အများအပြားရှိနေပြီး ၎င်းတို့အတွက် အကာအကွယ်ရနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ယခုတိုက်ပွဲများအား အပစ်ရပ်ကြရန်လည်း တရုတ်က တောင်းဆိုနေသည်။ မြန်မာဘက်မှ တိုက်ပွဲများမှ လက်နက်ကျရောက်မှုကြောင့် တရုတ်ဘက်တွင် သေကြေဒဏ်ရာရမှုများ ယခုသီတင်းပတ်အတွင်း ရှိခဲ့ကြောင်းလည်း တရုတ်က အတည်ပြုထားသည်။
မြန်မာစစ်ကောင်စီ အားနည်းနေသည့် အချိန်၌ နယ်မြေပိုင်နက်များ ထပ်မံ၍ ဆုံးရှုံးရခြေ ရှိနေသော်လည်း စစ်တပ်တွင်း ပြိုကွဲမှုများ ဖြစ်ပေါ်နိုင်ခြေကတော့ အလှမ်းဝေးနေသေးသည်ဟု သံတမန်များက ယူဆကြသည်။
“စစ်ကောင်စီကသာ ထိရောက်တဲ့ တုံ့ပြန်မှုတွေ ဆောင်ရွက်နိုင်ရင်တော့ တရုတ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပြန်စနိုင်ခြေ ရှိပါတယ်” ဟု International Crisis Group ၏ မြန်မာ့ရေးရာအကြံပေး ရစ်ချက်ဟိုဆေးက ပြောကြားသည်။
“မဟုတ်ရင်တော့ သမိုင်းတွင်သွားတဲ့ အားနည်းချက်တစ်ရပ် အဖြစ် မြင်ရမှာပါ” ဟုလည်း သူကဆိုလေသည်။
Reuters တွင် ဖော်ပြထားသည့် Losing ground to rebel alliance, Myanmar junta faces biggest test since coup ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
https://www.facebook.com/dmgnewsagency/posts/731554342351498