အမ်း တပ်တောင် ရဲစခန်းကို စစ်တပ်က ဝင်းစီးပြီး စခန်းမှူးကို ဖမ်းဆီးသွား

By Western News / 2023 November     8

ရခိုင်ပြည် အမ်းမြို့နယ် တပ်တောင်ရဲစခန်းကို စစ်ကောင်စီ စစ်တပ်က အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းပြီး စခန်းမှူးနှင့် ရဲတပ်သားအများအပြားကို ဖမ်းဆီးသွားသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၇ ရက်နေ့ နံနက်က စစ်တပ်အင်အား ၁၀၀ ခန့်ပါသော တပ်ရင်းတစ်ခုမှ ကား ၄ စီးဖြင့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယင်းအထဲမှ ရဲတပ်သား ညီပု ဆိုသူမှာ လမ်းတစ်ဝက်တွင် ထွက်ပြေးလွတ်မြောက်လာကြောင်း သတင်းရင်းမြစ်က ဆိုသည်။

“နိုဝင်ဘာလ ၆ ရက်နေ့က တပ်တောင် ရဲစခန်းမှူးနဲ့ ဒုရဲအုပ်တစ်ဦးကို အမ်းမြို့မရဲစခန်းမှူးက ဖုန်းဆက်ခဲ့တယ်။ မနက်ဖြန် ၇ ရက်နေ့မှာ အမ်းမြို့မရဲစခန်းသို့ လာခဲ့ဖို့ခေါ်တယ်။ ရာထူးတိုးရှိတယ်ဆိုပြီး ပြောတယ်။ ၇ ရက်နေ့ နံနက်မှာပဲ စစ်တပ်က ဘယ်တပ်ရင်းလို့တော့ မသိဘူး စစ်ကား ၄ စီး အင်အား ၁၀၀ လောက်နဲ့ ဝင်စီးပြီး စခန်းမှူးနဲ့ ရဲတပ်သားတွေကို ဖမ်းသွားတာ” ဟု ပြောသည်။

တပ်တောင်ရဲစခန်းမှူးအား ဖမ်းဆီးသွားသည်ကို Western News အနေဖြင့် အတည်ပြုနိုင်ပြီး နောက်ထပ် ဖမ်းဆီးခံရသော ရဲတပ်သား အရေအတွက်ကိုမှု မသိရသေးပေ။

ဒေသခံတစ်ဦးက “ဘာကြောင့် ဖမ်းတယ်ဆိုတာကို မသိရဘူး။ အရင်ကလည်း အမ်းမှာ မြို့မရဲစခန်းမှူးဟာ AA နဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံရတာ ရှိတဲ့အခါကျတော့ အခုလည်း AA နဲ့ ဆက်စပ်လို့ အဖမ်းခံရတာလား၊ ညွှန်ကြားချက် အမိန့်တွေကို မနာခံလို့လား၊ တာဝန်တွေ မကျေပွန်လို့လား မသိဘူး။ ရဲစခန်းကို စစ်တပ်က ဝင်စီးတော့ ဒေသခံတွေကြားမှာတော့ စိုးရိမ်ထိလန့်မှု ဖြစ်နေကြတယ်” ဟု ပြေသည်။

လက်ရှိ တပ်တောင်ရဲစခန်းတွင် မြန်မာစစ်တပ်မှ အင်အား ၅၀ ခန့် နေရာယူ စခန်းချထားကြောင်း သိရပြီး တပ်တောင် ရဲစခန်းသည် အမှုဖွင့်တိုင်ကြား၍ရသော အထိုင်စခန်းဖြစ်သောကြောင့် ရဲတပ်သားအများအပြားရှိသော စခန်းတစ်ခုလည်းဖြစ်သည်။

တပ်တောင်ရဲစခန်း ဝင်စီးခံရခြင်းနှင့်ပတ်သက်၍ အမ်းမြို့မရဲစခန်းမှူးအား Western News မှ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။ ယင်းအပြင် ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းနှင့် လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

နောက်ဆုံးသတင်းအချက်အလက်အရ တပ်တောင်ရဲစခန်းတွင် ရဲတပ်သားအချို့ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်းနှင့် တပ်တောင်ရဲစခန်းမှူးလည်း စစ်တပ်၏ ဖိအားပေး စစ်ဆေးမေးမြန်းမှုများကို ခံနေရကြောင်း သိရသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/778075110998584

Leave a Reply

Your email address will not be published.