လားရှိုးတွင် စစ်ကောင်စီ၏ လက်အောက်ခံ ဂျာယန် ပြည်သူ့စစ်စခန်းကို TNLA သိမ်းပိုက်

By Western News / 2023 November     4

ပုံစာ-တအာင်းတပ်မတော် PSLF/TNLA က သိမ်းဆည်း ရရှိသည့် လက်နက်ခဲ့ယမ်းနှင့် မူးယစ် ဆေးဝါးများ/ဓါတ်ပုံ- PSLF/TNLA

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ရှိ စစ်တပ် လက်အောက်ခံ ဂျာယန် ပြည်သူ့စစ် စခန်းကို TNLA က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ပြည်သူ့စစ် အဖွဲ့ဝင် ၃၈ ဦး ဖမ်းဆီးရမိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် တအာင်းတပ်မတော် PSLF/TNLA က လာရှိုးမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ဂျာယန် ပြည်သူစစ် စခန်းကို ဝင်ရောက် သိမ်းပိုက် ရှင်းလင်းခဲ့ကြောင်း ယနေ့ နိုဝင်ဘာ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီ လက်အောက်ခံ ဂျာယန် ပြည်သူစစ် စခန်းသည် စစ်ကောင်စီ၏ ထောက်ပို့ကြားစခန်းအဖြစ် အသုံးပြုထားသည့် စခန်းတစ်ခု ဖြစ်ပြီး စစ်ကောင်စီ၏ ကျောထောက်နောက်ခံ ထောက်ပို့လုပ်ငန်းများ မပြုလုပ်ရန် PSLF/TNLA မှ ပထမအကြိမ် သတိပေးခဲ့ကြောင်းဆိုသည်။

သို့သော် စစ်ကောင်စီနှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည့် ကာလ၌ စစ်ကောင်စီ၏ နောက်ခံထောက်ပို့ လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေခဲ့သည့်အတွက် ဂျာယန်စခန်းကို ဝင်ရောက် ရှင်းလင်းရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ရေးသားသည်။

အဆိုပါ စခန်းကို ဝင်ရောက် ရှင်းလင်းစဥ်တွင် ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၃၈ ဦး ဖမ်းဆီးရမိပြီး စခန်းတာဝန်ရှိသူ ဖြစ်သည့် လက်ထောက်စခန်း ဗိုလ်မှူး ဦးခမ်းဆိုင်၊  ရုံးအဖွဲ့ ဗိုလ်မှူး ဦးတောင်ဆွဲ၊ ဒုလက်ထောက်စခန်း ဗိုလ်ကြီး ဦးထူးအောင်နှင့် ဆေးမှူးဗိုလ်ဦးတောင်ဂျုံတို့ ၄ ဦးအား ထိန်းသိမ်းထားပြီး ကျန်တပ်ဖွဲ့ဝင် ၃၄ ဦးကို လွှတ်ပေးခဲ့ကြောင်း သိရသည်။

PSLF/TNLA သိမ်းပိုက်မှုတွင် ယင်း စခန်းအတွင်း လက်နက်မျိုးစုံ ၇၈ လက်၊ ကျည်မျိုးစုံ ၄၃ ဖာ၊ ၂၁၈ ထောင့်၊ စကားပြောစက် ၂၁ လုံးနှင့် ယာမ ဆေးပြား ၃၉ ထုတ်ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/775639854575443

Leave a Reply

Your email address will not be published.