ရှမ်းမြောက်ပိုင်းတွင် စစ်တပ်စခန်း (၄) ခုကို TNLA ထပ်မံသိမ်းပိုက်နိုင်ခဲ့

By Narinjara / 2023 November     4

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်စခန်း (၄) ခုကို တအာင်းတပ်မတော် (PSLF/TNLA)က ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးက ယနေ့တွင် ထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လာရှိုးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဂျာယန် ပြည်သူ့စစ် စခန်းနှင့် မိုင်းယန်း ပြည်သူ့စစ် စခန်း (၂)ခုတို့ကို ယနေ့ နိုဝင်ဘာ ၄ ရက်၊ နံနက် ၅ နာရီခွဲတွင် (PSLF/TNLA)က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့အပြင် နိုဝင်ဘာလ ၃ ရက်၊ နေ့လယ် ၂ နာရီကျော်ခန့်ကလည်း တပ်မဟာ (၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဝါရော့တပ်စခန်းနှင့် ထိန်ကန်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်း (၂)ခုတို့ကို တအာင်းတပ်မတော် (PSLF/TNLA)က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

နောင်ချိုမြို့နယ်ရှိ၊ လယ်ကြီးတောကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို မည့်သည်လက်နက်ကိုင်မှမရှိဘဲ နောင်ချို ၁၁၅ စစ်ကောင်စီတပ်က ယမန်နေ့ညမှ ယနေ့ နံနက်ခင်းထိ  ၁၀၂/၁၀၅ ဟောင်ဝစ်ဇာ လက်နက်ကြီးဖြင့် အကြိမ်(၂၀) ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မိန်းကလေးငယ် (၁)ဦး ထိမှန်ဒဏ်ရာပြင်းထန်ပြီး နေအိမ် (၃)လုံးလည်း ထိမှန်ပျက်စီးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် စစ်ကောင်စီ သိန္နီတပ်မှ တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားသော မိုင်းပါးတပ်စခန်းဘက်ကို လက်နက်ကြီး (၇)လုံး ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးသည် စစ်ရေးအရှိန်မြင့်လျှက်ရှိပြီး မြို့(၄) မြို့နှင့် စစ်ကောင်စီတပ်စခန်း (၁၀၀)ကျော်ကို အပြီးသတ် သိမ်းပိုက်ထားနိုင်ပြီဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

https://www.facebook.com/narinjara.info/posts/734817105352088

Leave a Reply

Your email address will not be published.