ရှမ်းပြည်မြောက်ပိုင်းက တိုက်ခိုက်မှုများကို ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီပြော

(ညီနောင်မဟာမိတ်များက တစ်နိုင်ငံလုံးတွင် ပူးတွဲစစ်ဆင်ရေးများ ပြုလုပ်သွားမည်ဟုဆို)

By Western News / 2023 November     9

ရှမ်းပြည်မြောက်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ ပြန်လည်ထိန်းချုပ်နိုင်ပြီဟု အာဏာသိမ်းစစ်ခေါင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောဆိုလိုက်သည်။

ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

MNDAA ၏ မဟာမိတ်တပ်ဖွဲ့များဖြစ်သည် TNLA, AA တို့ဖြင့် “ဝ” နယ်မြေအတွင်းမှာ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ကာ ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့စပြီး နမ့်တစ်တံတားမှဖြစ်၍ ချင်းရွှေဟော်ကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခဲ့သည်ဟု ဆိုသည်။

ချင်းရွှေဟော်အားတိုက်ခိုက်ပြီး တစ်ပြိုင်တည်းတွင် ကွမ်းလုံကို စိမ့်ဝင်လာသည့်အဖွဲ့များဖြင့် ထိုးဖောက်တိုက်ခိုက်ကာ TNLA က လည်း သိန္နီမြို့ကို ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်နိုင်အောင် တိုက်ခိုက်ခဲ့သည်ဟု စစ်ကောင်စီက ပြောသည်။

နောင်ချိုအနီး မန္တလေး-လားရှိုး ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်အောင် MNDAA က ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုများအလုံးကို မြန်မာစစ်တပ်က ပြန်လည်တုန့်ပြန်ဆောင်ရွက်မှုများကြောင့် လက်ရှိတွင် အခြေအနေများအားလုံးကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီက ပြောသည်။

ရှမ်းပြည် မြောက်ပိုင်းက 1027 စစ်ဆင်ရေးနှင့် စစ်ကိုင်းတိုင်းဒေသက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ တိုက်ခိုက်မှုကို မြန်မာစစ်တပ်အနေဖြင့် မစွမ်းဆောင် မတိုက်ခိုက်နိုင်ပါက တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ကွဲသွားနိုင်ကြောင်း စစ်ကောင်စီ၏ ယာယီသမ္မတ ဦးမြင့်ဆွေက ပြောဆိုထားသည်။

ရှမ်းပြည် မြောက်ပိုင်းဒေသများတွင် စစ်ကောင်စီတပ်များကို ညီနောင်မဟာမိတ်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့က 1027 စစ်ဆင်ရေးဖြင့် ဦးဆောင်ပြီး BPLA နှင့် PDF တို့ဖြင့်ပူးပေါင်းကာ မြို့သိမ်းတိုက်ပွဲအထိ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသများတွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ PDF တပ်ဖွဲ့များက ပြင်းပြင်းထန်ထန် ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီက တပ်စခန်းများနှင့် မြို့အချို့ကို လက်လွှတ်ဆုံးရှုံးနေရ၍ အမျိုးသားကာကွယ်‌ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ယာယီသမ္မတ ဦးမြင့်ဆွေက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်များကို ထိန်းချုပ်နိုင်ရန်၊ လောက်ကိုင်မြို့အပါအဝင် လောက်ကိုင်ဒေသကို MNDAA က အာဏာပြန်လည်တည်ဆောက်လို၍ တိုက်ခိုက်နေသည့်အတွက် များစွာသတိပြုသင့်ပြီး မူးယစ်ဆေးဝါးလုပ်ငန်း၊ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းနှင့် အွန်လိုင်းငွေလိမ်မှုများ ပြုလုပ်လာနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အဓိက အချက်အခြာကျသော မူဆယ်နှင့် ချင်းရွှေဟော်ရှိ နယ်စပ်ဖြတ်ကျော်ဂိတ်များကို ပြန်လည်ရရှိနိုင်ရေးနှင့် ရှမ်းပြည်မြောက်ပိုင်းက လက်နက်ကိုင်များကို ထိရောက်စွာ ပြန်လည်တုန့်ပြန်ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီက သတိပေးထားသည်။

1027 စစ်ဆင်ရေးလို နိုင်ဝင်ဘာလ ၇ ရက်နေ့က ကရင်နီပြည်နယ်ထဲတွင် စတင်ခဲ့သည့် 1107 စစ်ဆင်ရေးအပြင် အခြားသော တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ဟန်ချက်ညီညီ ပူးတွဲစစ်ဆင်ရေးများကို မြန်မာနိုင်ငံအနှံ့တွင် မကြာမီ ဆင်နွှဲသွားမည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် MNDAA, TNLA နှင့် AA တို့မှ ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က 1027 စစ်ဆင်ရေးသည် စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် တစ်ခုတည်းမဟုတ်ဘဲ လောင်းကစားလုပ်ငန်းများ၊ ငွေလိမ်လည်မှုများ ပပျောက်ရေးအတွက်လည်း သက်ဆိုင်ရာယ်နယ်မြေအလိုက် ရှင်းလင်းသွားမည်ဟု ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများနှင့်အတူ စစ်ကိုင်းတိုင်းအထက်ပိုင်းက မြို့သိမ်းတိုက်ပွဲများ၏ သက်ရောက်မှုသည် နွေဦးတော်လှန်ရေးအတွက် ပိုမိုကောင်းမွန်သော အလားအလာရှိနေပြီး အောက်မြင်မှုအတွက် ၇၀ ရာခိုင်နှုန်းအထိ ရှိနေပြီဟု နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က မီဒီယာများသို့ ပြောဆိုထားသည်။

NUG ကတော့ စစ်အာဏာရှင်အမြစ်ပြတ်ချေမုန်းရေးနှင့် စစ်ကောင်စီ ယန္တရားများ ပြုတ်ကျနိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး တိုက်ခိုက်မှုများကိုလည်း အရှိန်မလျှော့ဘဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်ချေမှုန်းသွားမည်ဟု ပြောဆိုသည်။

ညီနောင်မဟာမိတ် ၃ သုံးဖွဲ့ကလည်း 1027 စစ်ဆင်ရေးကို ရှမ်းပြည်မြောက်ပိုင်းတွင် ရည်မှန်းချက်များ မပြည့်ဝသရွေ့ ဆက်လက် ဆင်နွှဲနေမည်ဖြစ်ကြောင်းနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် တိုက်ပွဲဝင်နေမည်ဖြစ်ပြီး လက်ရှိတွင် ညီနောင်မဟာမိတ်များက စစ်ကောင်စီတပ်စခန်း ၁၅၀ ခန့်နှင့် အနည်းဆုံး မြို့ ၆ မြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီကို တိုင်းနှင့်ပြည်နယ်အသီးသီးတွင် PDF များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက ဘက်ပေါင်းစုံမှ တိုက်ခိုက်နေပြီး ညီနောင်မဟာမိတ်များ၏ 1027 စစ်ဆင်ရေးကို မန္တလေး PDF နှင့် လက်နက်ကိုင်အများအပြားက ထောက်ခံကာ ပူးပေါင်းတိုက်ခိုက်နေကာ ကရင်နီဒေသတွင်လည်း လက်နက်ကိုင်တပ်ဖွဲ့များက 1107 ဖြင့် စစ်ကောင်စီတပ်များအား တိုက်ထုတ်နေကြသည်။

https://www.facebook.com/westernnewsagency/posts/778606140945481

Leave a Reply

Your email address will not be published.