ရဲဝတ်စုံဝတ်ထားသူ ၂ ဦးအပါအဝင် လူ ၅ ဦး စပိဘုတ်တစ်စီးနှင့်အတူ AA ဖမ်းဆီး 

By Narinjara / 2023 November 13

ဓာတ်ပုံ – ဗလီမော်ချောင်းကြောင်းတစ်နေရာအား တွေ့ရစဥ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ယနေ့နေ့လယ်က စပိဘုတ်တစ်စီးဖြင့် ထွက်ပြေးလာသည်ဟု ယူဆရသည့်  ရဲဝတ်စုံ ဝတ်ထားသူနှစ်ဦး၊ အမျိုးသမီး တစ်ဦး အပါအဝင် လူ ၅ ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။

၎င်းတို့ကို ယနေ့ နိုဝင်ဘာလ ၁၃ ရက်၊ နေ့လယ် ၂ နာရီခွဲက ပုဏ္ဏားကျွန်း မြို့နယ်မှတဆင့် စစ်တွေဘက်သို့ ဦးတည်၍ ဗလီမော်ချောင်းကြောင်း အတိုင်း သွားနေစဥ် အနီးအနားရှိ AA တပ် စခန်းတစ်ခုက ဖမ်းဆီး လိုက်ခြင်းဖြစ်သည်ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

“သူတို့က ပေါ်တင်ကြီး ရဲဝတ်စုံတွေဝတ်ပြီးလာတာ။ မြန်မာနိုင်ငံအလံတောင် စပိဘုတ်မှာ ထောင်ထားသေးတယ်။ အစတုန်းကတော့ NGO တွေက ဝန်ထမ်းတွေ များလားတောင် ထင်မိသေးတယ်။ သေချာကြည့်မှ ရဲတွေဖြစ်နေတယ်။ ခုတော့ AA တပ်စခန်းတစ်ခုက ဖမ်းထားလိုက်ပြီ”ဟု ပြောသည်။

ဖမ်းဆီးခံရသည့် ၅ ဦးစလုံးမှာ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ပုံရပြီး မည်သည့်နေရာတွင် တာဝန် ကျနေသူများ ဖြစ်သည်ကို လောလောဆယ် မသိရသေးကြောင်း၊ ထွက်ပြေးလာပုံရကြောင်း၊  AAက စစ်ဆေးမေးမြန်းနေကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ရက္ခိုင့်တပ်တော်က ရသေ့တောင်မြို့နယ်မှ နယ်ခြားစောင့်ရဲစခန်းများအား ဝင်ရောက် တိုက်ခိုက်် သိမ်းပိုက်ပြီးနောက် ရဲတပ်ဖွဲ့ဝင်အချို့  လက်နက်ချမှုများရှိနေသလို တချို့စခန်းထိုင်ရဲများမှာလည်း စခန်းတစ်ခုလုံး ရုပ်သိမ်းပြီး မြို့ပေါ်သို့ ပြောင်းရွှေ့သွားသည်များလည်း ရှိသည်ဟု သိရသည်။

ယနေ့နံနက် ၁၁ နာရီခွဲကျော်ခန့်ကလည်း ကျောက်တော်မြို့နယ်၊ အပေါက်ဝ ကျေးရွာ ရဲစခန်းမှ စခန်းမှူးအပါအဝင် တပ်ဖွဲ့ဝင်အင်အား ၂၆ ဦးရှိသည့် ရဲစခန်းတစ်ခုလုံးသည်လည်း ရက္ခိုင့်တပ်တော်(AA)ထံသို့ လက်နက် အပြည့်အစုံဖြင့် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

၎င်းပြင်  ကျောက်ဖြူမြို့နယ်မှ စနဲမြို့မ ရဲစခန်း၊ ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်မှ သရက်ချိုစခန်းနှင့် အောင်လှပြင်ကျေးရွာ ရဲစခန်းတို့သည်လည်း စခန်းကို စွန့်ခွာကာ ယနေ့ တွင် ထွက်ပြေးသွားကြပြီဟု သိရသည်။ 

 (NN-16)

https://www.facebook.com/narinjara.info/posts/739841054849693

Leave a Reply

Your email address will not be published.