ရသေ့တောင်မြို့နယ်မှ ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်းအား နှစ်ရက်အကြာတွင် AA သိမ်းပိုက်ရရှိ

By Narinjara / 2023 November 14

ပုံစာ- ချိန်ခါလီစခန်းအားလွန်ခဲ့သော နှစ်အနည်းငယ်က ရိုက်ကူးထားသော ပုံဖြစ်ပါသည်။

ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း  ချိန်ခါလီ နယ်ခြားစောင့် တပ်စခန်းကို  နှစ်ရက်အကြာ ယနေ့ နိုဝင်ဘာ ၁၄ ရက် နံနက်တွင် ရက္ခိုင့်တပ်တော်( AA)က သိမ်းပိုက်ရရှိကြောင်း ညီနောင် ၃ဖွဲ့မှ သတင်းထုတ်ပြန်သည်။

သတင်းထုတ်ပြန်ချက်၌ ဖော်ပြရာတွင်  ၎င်းစစ်ကောင်စီ၏ ရက္ခိုင်ပြည် အခြေစိုက် ရသေ့တောင်၊ ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်းအား ယနေ့  ၂၀၂၃ နိုဝင်ဘာလ(၁၄) ရက်၊ နံနက်(၇) နာရီခန့်အချိန်၌ ရက္ခိုင့်တပ်တော်မှ နှစ်ရက်ကြာတိုက်ခိုက်မှုအပြီးတွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ဒေသခံများ အပြောအရ ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်နေ့ ညဉ့်အချိန်တွင် ပင်လယ်ဘက်မှ နေ၍ ရေတပ်စစ်သင်္ဘောများက အငူမော်မှ ကိုးတန်ကောက် ကျေးရွာ အကြား မေယုတောင်ခြေရင်း တစ်လျှောက်ရှိ  ချိန်ခါလီ အပါအဝင် ကျေးရွာများကို လက်နက်ကြီးများ၊ စက်လက်နက်များဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထိုသို့ ပစ်ခတ်ခဲ့သော်လည်း ယနေ့ နံနက်တွင် ချိန်ခါလီစခန်းကို ရက္ခိုင့်တပ်တော်က အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ရခိုင်တွင် ဖြစ်ပွား နေသော တိုက်ပွဲများကို စစ်ကောင်စီ ကြည်းတပ်နှင့် ရေတပ် ပူးပေါင်း ဆင်နွှဲလျက်ရှိကြောင်း Yangon Times Media သို့ ပြောဆိုထားသည်။

ရက္ခိုင့်တပ်တော် (AA) သည် နိုဝင်ဘာ ၁၃ ရက် နံနက် ၅ နာရီခွဲက ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း အငူမော်- မောင်တော ကားလမ်း ပေါ်ရှိ ဒုံးပိုက်နယ်ခြားစောင့်စခန်းနှင့် ချိန်ခါလီ နယ်ခြားစောင့်စခန်းတို့အား ဝင်ရောက်တိုက်ခိုက်ပြီး ၁၀၂၇ စစ်ဆင်ရေးကို ရခိုင်ပြည်နယ်တွင် စတင်လိုက်သည်။

၎င်းစစ်ဆင်ရေးကို စတင်ပြီးနောက် ဒုံးပိုက်စခန်းအား စတင်သိမ်းပိုက်နိုင်ခဲ့ပြီး ချိန်ခါလီစခန်းကို တိုက်ပွဲဝင်ပြီး တစ်ရက်အကြာ နိုဝင်ဘာ ၁၄ ရက် နံနက် ၇ နာရီတွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/740094894824309

Leave a Reply

Your email address will not be published.