By Narinjara / 2023 November 3

သေဆုံးသူမှာ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းအုပ်စု ဆားပြင်ကြီးရွာမှ ဆားပြင်ကြီး အလကခွဲ ကျောင်းတွင် ပညာသင်ယူနေသည့် အသက် ၁၇ နှစ်အရွယ် ၁၁ တန်းကျောင်းသူ မဆန်းဆန်းဌေးဖြစ်ကြောင်း သိရသည်။
သူမသည် ယမန်နေ့ နိုဝင်ဘာ ၂ ရက်၊ နေ့လယ် ၂ နာရီခန့်က သူမ၏နေအိမ်တွင်ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်သည်ဟု အိမ်နီးနားချင်းအမျိုးသမီးတစ်ဦးက နိရဥ္စရာကိုပြောသည်။
“သူက ကိုယ့်အိမ်မှာ သေနေတာ။ သူကရန်ဖြစ်တာတွေလည်း မရှိဘူး။ သူက သူငယ်ချင်းတွေမုန့်စားပြီး ကျူရှင်က နေအိမ်ကိုပြန်လာတာ။ မသေခင်တောင် သူငယ်ချင်းတွေကို ငါကြိုးဆွဲချတော့သေမယ်လို့ ပြောခဲ့တယ်တယ်။ တကယ်လုပ်မယ်လို့ ဘယ်သူမှမထင်ဘူး”ဟု ပြောသည်။
သူမတွင် အစ်ကို ငါးဦးရှိပြီး ငယ်စဥ်ကတည်းက ယောကျ်ားလေးတစ်ဦးကဲ့သို့ ဝတ်စားဆင်ယင်နေထိုင်တတ်ကာ ဘောလုံးဝါသနာပါသူဟု သိရသည်။
သူမ၏အိမ်နီးချင်းသူငယ်ချင်းက “သူက ငယ်ငယ်ကတည်းက ရွာမှာဆို ဂိုးဖမ်းတော်တာ။ ခုလိုဖြစ်သွားတာ စိတ်မကောင်းဘူး။ သူ့အစ်ကိုတွေက မလေးရှားမှာ။ ခုမိသားစု သုံးယောက်တည်းနေတာ” ဟု ပြောသည်။
လက်ရှိတွင် သူမအလောင်းကို ယနေ့ နိုဝင်ဘာ ၃ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က ဆားပြင်ကြီးရွာသုဿန်၌ မီးသင်္ဂြိုဟ်လိုက်ပြီဟု သိရသည်။
https://www.facebook.com/narinjara.info/posts/734259842074481