(ရခိုင်ခရီးစဉ်များတွင် ထိုသို့ ညွှန်ကြားမှုမျိုးမရှိဟုဆို)
By Narinjara / 2023 November 5

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့ အကြား လေယာဉ်စီးနင်း လိုက်ပါကြမည့် ခရီးသည်များအားလုံး ဆိုက်ရောက်နှင့် ထွက်ခွာ ပုံစံများကို မဖြစ်မနေ ဖြည့်စွက်ရန် လိုအပ်မည် ဖြစ်ကြောင်း စစ်ကောင်စီ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။
အဆိုပါ ညွှန်ကြားချက်ထဲတွင် နိုဝင်ဘာ ၁ ရက်မှ စတင်ကာ ရန်ကုန်မြို့နှင့် မန္တလေးအကြား လေယာဉ်စီးနင်း လိုက်ပါကြမည့် ခရီးသည်များအားလုံး Arrival နှင့် Departure card များအား ဖြည့်စွက်ရမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေး ကဒ်ပြားနှင့် တရားဝင် ခရီးသွားစာရွက် စာတမ်း အပြည့်အစုံ ယူဆောင် လာရမည်ဟု ပါရှိကြောင်း သတင်းရရှိသည်။
ယခုညွှန်ကြားချက်မှာ ရန်ကုန် – မန္တလေးလေကြောင်းခရီးစဥ်တွင် လိုက်ပါစီးနင်းသည့် ခရီးသည်များအတွက်သာ ဖြစ်ပြီး ရခိုင် ခရီးစဉ်များတွင်ထိုသို့ ညွှန်ကြားချက်မျိုး မရှိဟု သိရသည်။
စစ်တွေ၊ လေကြောင်းလိုင်းနှင့် နီးစပ်သူတစ်ဦးက “ကျွန်မတို့ ရခိုင်မှာတော့ Arrival နဲ့ Departure Card တို့ ဖြည့်ရတာတော့မရှိသေးဘူး။ ဘယ်ကိုသွားမလဲ။ ရန်ကုန်ကို သွားမယ်ဆိုရင် ရန်ကုန်ကိုသွားမယ့် လေကြောင်းလိုင်းမှာ လေယာဥ်လက်မှတ် ဖြတ်လိုက်ရင်ရပြီ။ အဲ့လိုမျိုး သွားမယ့်နေရာတွေ၊ ကိုယ်ရေးအချက်အလက် ဖောင်ဖြည့်ရတာတော့မရှိဘူး” ဟု ပြောသည်။
Arrival (ဆိုက်ရောက်) နှင့် Departure (ထွက်ခွာ) Card များဖြည့်သွင်း ရခြင်းမှာ လုံခြုံရေး တင်းကျပ်လာသည့် သဘောဖြစ်ပြီး လက်ရှိတွင် ပြည်ပ ခရီးစဉ်များတွင်လည်း အဆိုပါ Arrival (ဆိုက်ရောက်) နှင့် Departure (ထွက်ခွာ) Card များကို ဖြည့်စရာ မလိုတော့ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပွားနေတုန်းကာလက ထိုကဲ့သို့ Arrival နဲ့ Departure Card များဖြည့်သွင်းရပြီး ကိုယ်ရေး အချက်အလက်များ ကိုလည်း ဖောင်ဖြည့်ရခြင်းမျိုးရှိခဲ့သည်ဟု သိရသည်။
ခရီးသည်အမျိုးသမီးတစ်ဦးက “ကိုဗစ်ဖြစ်တုန်းကတော့ ကောင်တာမှာ ကိုယ်ရေး အချက်အလက်တွေ ဖြည့်ရတယ်။ ဘယ်ကနေ ဘယ်ကိုသွားမယ် ဆိုတာတွေကိုပါ ဖြည့်ရတယ်။ အခုတော့ အဲ့လိုမျိုးတွေမရှိတာ ကြာပြီ။ အဲ့တုန်းကဆိုရင် ကိုဗစ်ဖြစ်နေတော့ လေကြောင်းလုံခြုံရေးနဲ့ လူအဝင်အထွက်ကို သေချာစိစစ်တဲ့ပုံစံပါပဲ” ဟု ပြောသည်။
ယင်းအပြင် ခရီးသည်များအနေဖြင့်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် တရားဝင်ခရီးသွားစာရွက်စာတမ်း အပြည့်အစုံကိုယူဆောင်လာရန် အသိပေးညွှန်ကြားထားကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/735219501978515