ရခိုင်အရပ်ဘက်အဖွဲ့အစည်းများကို စစ်ကောင်စီက ရှောင်တခင်ဝင်ရောက်စစ်ဆေးမည်ဟု သတင်းများထွက်ပေါ်နေမှုကြောင့် လူမှုရေးလှုပ်ရှားဆောင်ရွက်နေသူများအကြား စိုးရိမ်မှုဖြစ်ပေါ်

By Narinjara / 2023 November     3

ပုံစာ- ယနေ့ စစ်တွေမြို့ မြင်ကွင်း

စစ်တွေမြို့ အပါအဝင် ရခိုင် အခြေစိုက်သည့် အရပ်ဘက်အဖွဲ့အစည်း (CSO)များကို ပြည်နယ် စစ်ကောင်စီက ရှောင်တခင်ဝင်ရောက်စစ်ဆေးမည်ဟု သတင်းထွက်ပေါ်နေသဖြင့် လူမှုရေး လုပ်ကိုင်ဆောင်ရွက်နေသူများအကြား စိုးရိမ်မှုများဖြစ်ပေါ်နေသည်ဟု သတင်းရရှိသည်။

စစ်ကောင်စီသည် ပြည်သူများထံသို့ နေ့စဉ် သတင်းများ ဖြန့်ဝေနေသည့် ရခိုင်မီဒီယာများကို နှိမ်နှင်းမှု တင်းကျပ်စွာပြုလုပ်လာပြီးနောက် နောက်ထပ်တစ်ဖန် လူမှုအဖွဲ့အစည်းများကို ထပ်မံနှိပ်ကွပ်ရန် စီစဉ်လာခြင်းဖြစ်သည်ဟု နိုင်ငံရေးအကဲခတ်တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

“ သူတို့က မီဒီယာဆိုလည်း ရန်သူလို သဘောထားတယ်။ သူ့တို့ မကောင်းကြောင်း မရေးနဲ့ပေါ့။ သူတို့ကောင်းကြောင်းရေးရင်တော့ ဘာမှ ပြဿနာမတက်နိုင်ဘူးပေါ့။ အခုတစ်ခါ CSO လူမှုရေး အဖွဲ့အစည်းတွေ ဘက်ကို မျှားဦးလှည့်လာတယ်။ သတိထားဖို့လိုအပ်တယ်”ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေအရ အုပ်ချုပ်ရေး အပိုင်းတွင် အစိုးရ နှစ်ရပ်လိုမျိုးဖြစ်နေသဖြင့် လူမှုရေး လှုပ်ရှား ဆောင်ရွက်သူများအနေဖြင့် စစ်ကောင်စီနှင့်သာမက ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ( ULA/AA) နှင့်ပါ ဆက်ဆံနေရသဖြင့် လူမှုရေး လုပ်ငန်းများကို အန္တရာယ်ကြားက လုပ်ကိုင်ဆောင်ရွက်နေရသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

စစ်ကောင်စီသည် တရားဝင်အသင်း မှတ်ပုံတင်ရှိသည့် CSO အဖွဲ့အစည်းအချို့ကို သတိပေးစာ ပေးပို့မှုများ ယခင်က ရှိခဲ့ဖူးကြောင်း၊ ယခုလို စစ်ရေးတင်းမာနေသည့် အချိန်တွင် ရှောင်တစ်ခင် စစ်ဆေးမည်ဟု ဆိုလာသဖြင့် စိုးရိမ်မိကြောင်း စစ်တွေ CSO အသိုင်းအဝိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်တွေအခြေစိုက် အမည်မဖော်လိုသည့်အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ” သူတို့က ရှောင်တခင် စစ်မယ်ဆိုတော့ စာတွေဘာတွေတော့ ပို့မယ်မထင်ဘူး။ အခုက မှတ်ပုံတင်ရှိတဲ့အဖွဲ့လည်း ရှိတယ်။ တချို့ကလည်း မှတ်ပုံတင်သက်တမ်းကုန်သွားတဲ့အဖွဲ့တွေလည်း ရှိတယ်။ တချို့ကလည်း သက်တမ်းဆက်တိုးထားတယ်။ ဒီလိုမျိုး အရင်ကလည်း သတင်းတစ်ခါထွက်ဖူးတယ်။ ဒါပေမယ့် စစ်ဆေးခဲ့တာတော့ မရှိခဲ့ဘူး။ စစ်ဆေးမယ်ဆိုရင်လည်း တရားဝင်အသင်းမှတ်ပုံတင်ရှိ၊ မရှိကိုပဲ စစ်ဆေးမယ်ဆိုရင်တော့ အဆင်ပြေပါတယ်” ဟုပြောသည်။

ရှောင်တခင်ဝင်ရောက်စစ်ဆေးမည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသည့် စစ်တွေအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများမှာ ကြိုတင်ပြင်ဆင်မှု အချို့ လုပ်ဆောင်နေရသည်ဟု စစ်တွေအခြေစိုက် အမည်မဖော်လိုသည့် လူငယ်အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူအမျိုးသမီးတစ်ဦးက ပြောသည်။

“သတင်းတွေကတော့ ကြားနေရတယ်။ ကျမတို့ဆီတော့ စာမရောက်ဘူး။ သတင်းကြားတာတွေရှိတော့ ဒီကြားထဲ ပြင်ဆင်နေကြတဲ့အဖွဲ့အစည်း တွေကတော့ များတယ်။ လက်ရှိ အဓိကလုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေထဲက ဒီလိုသတိပေးစာ ရထားဖူးတာတော့ရှိတယ်။ အပို့ခံရတဲ့အဖွဲ့ မှတ်ပုံတင်ရှိတဲ့ အဖွဲ့တွေထဲကပဲ။ သူတို့ဆီမှာ မှတ်ပုံတင်ထားတဲ့အဖွဲ့အစည်းတွေရဲ့ လိပ်စာတွေကလည်းရှိနေတော့ မှတ်ပုံတင်ရှိတဲ့အဖွဲ့တွေကိုပို့တာမျိုးရှိတယ်” ဟုပြောသည်။

ယခုကဲ့သို့ CSOများကို ရှောင်တခင်ဝင်ရောက်စစ်ဆေးမည့်  သတင်းနှင့်ပတ်သက်၍ စစ်တွေအခြေစိုက် CSO အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူကလည်း “သူတို့လုပ်ချင်တာကို လုပ်နေတာလို့ပြောရမယ်။ သူတို့က CSO တွေကို ခွင့်ပြုထားတာမဟုတ်ဘူး။ မှတ်ပုံတင်ထားတဲ့အဖွဲ့အစည်းတွေကိုတောင်မှ ခွင့်ပြုချက်တောင်းပြီးမှ လုပ်ငန်းတွေလုပ်ရမယ်ပြောထားတာ။ မှတ်ပုံမတင်ထားတဲ့ အဖွဲ့အစည်း တွေကလည်း တတ်နိုင်သလောက်အကူအညီလုပ်ပေးနေကြတာတွေ ရှိတယ်။ အဲဒါတွေကို ကန့်သတ်ချင်လို့ဖြစ်မယ်။ တစ်ဘက်မှာကလည်း ဒီဒေသမှာတည်ငြိမ်နေပေမယ့် နောက်တစ်ဘက်မှာက တိုက်ပွဲတွေ ဖြစ်နေတော့ ဒါကိုအကောင်အထည်ဖော်ချင်တာဖြစ်နိုင်တယ်” ဟုပြောသည်။

ပြည်နယ်စစ်ကောင်စီအနေဖြင့် ယခင်ကပင် အရပ်ဘက်အဖွဲ့အစည်းများကို လူသားချင်း စာနာ ထောက်ထားမှု၊ အကူအညီများ ပေးဆောင်ရာတွင် ၎င်းတို့၏ခွင့်ပြုချက်မရဘဲ မဆောင်ရွက်ရန်နှင့် မှတ်ပုံတင်ထားပြီးသားအဖွဲ့အစည်းများအနေဖြင့်လည်း ၎င်းတို့ဥပဒေအသစ်နှင့် အချက်အလက်များ ပြန်လည် တင်ပေးရမည်ဟု ရခိုင်အရပ်ဖက်အဖွဲ့အစည်းများကို ပြောဆိုထားသည်။

ထို့အပြင် ပြီးခဲ့သည့်မတ်လအတွင်းကလည်း ပြည်နယ်စစ်ကောင်စီအဖွဲ့က ရခိုင်ရှိအရပ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် လုံ/နယ်ဝန်ကြီးတို့က တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မပတ်သက်ရန် မှာကြားခဲ့သည်။

ထို့အပြင် ပြည်နယ်စစ်ကောင်စီသည် စစ်တွေရှိ ဟိုတယ်၊ တည်းခိုခန်း၊ မိုတယ်များအနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်ကစပြီး UN၊ INGO၊ NGO အဖွဲ့အစည်းများက သင်တန်းများ လက်ခံဆောင်ရွက်မည်ဆိုပါက မကျင်းပမီ တစ်ပတ်ကြိုတင်ကာ ပြည်နယ်စစ်ကောင်စီသို့ တင်ပြရမည်ဟု စစ်တွေရှိ ဟိုတယ်၊ တည်းခိုခန်းများထံသို့ အကြောင်းကြားစာပေးပို့ထားသည်။

ထိုသို့စစ်ကောင်စီ၏တားမြစ်မှုများကြောင့် အဖွဲ့အစည်းလုပ်ငန်းများဆောင်ရွက်ရာတွင် နှောင့်နှေးမှုများ၊ အခက်အခဲများစွာဖြစ်နေကြရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်ကလည်း စစ်တွေမြို့ရှိ Development Media Group(DMG) သတင်းဌာနရုံးခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး ရုံးရှိစက်ပစ္စည်းများ၊ စာရွက်စာတန်း များကိုလည်း သိမ်းဆည်းသွားကာ ရုံးကိုလည်း ချိတ်ပိတ်သွားခဲ့သည်။ (NN-8)

https://www.facebook.com/narinjara.info/posts/734099695423829

Leave a Reply

Your email address will not be published.