ရခိုင်မှာ စစ်ဘေးရှောင်ဒုက္ခသည် ၅ သောင်းကျော် နေရပ်စွန့်ခွာနေရဆဲဟု UNHCR ပြော

By Western News / 2023 November     6

ရခိုင်ပြည်အတွင်း ၂၀၁၈ ခုနှစ်က စတင်ခဲ့သော မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ လက်နက်ကိုင်ပဋိပက္ခများကြောင့် အိုးအိမ်မဲ့စွာ နေရပ်စွန့်ခွာခဲ့ရသော ဒေသခံပြည်သူ နှစ်သိန်းကျော်ရှိခဲ့ပြီး ယင်းအထဲမှ လူပေါင်း ၅၁၀၀၀ မှာ ယနေ့ထက်တိုင် နေရပ်စွန့်ခွာနေထိုင်နေကြရဆဲဖြစ်သည်ဟု UNHCR က ပြောသည်။

အောက်တိုဘာလ ၂၄ ရက်နေ့က UNHCR မှ ရေးသားထုတ်ဝေသည့် ဆောင်းပါးထဲတွင် ပြောဆိုထားခြင်းဖြစ်ပြီး ရခိုင်ပြည်အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသက ရခိုင်တိုင်းရင်းသားများဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဘေးဒုက္ခသည်များမှာ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ထောက်ပံ့ကူညီမှုများနှင့် နိုင်ငံတကာအသင်းအဖွဲ့ INGO များထံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီမှုများတို့ဖြင့် မှီခိုရပ်တည်နေကြရသည်ဟုလည်း UNHCR ဆောင်းပါးက ဆိုသည်။

ဒေသခံပြည်သူများ နေထိုင်ရာကျေးရွာကို မော်တာကျည်များကျရောက်၍ နေအိမ်ပျက်စီးသွားသောအခါ ၎င်းတို့၏ မြေယာများနှင့် အိမ်ကိုကျောခိုင်းစွန့်ခွာခဲ့ကြရသည်ဟု သိရသည်။

မြောက်ဦးမြို့ ဆင်ချဆိပ်ရပ်ကွက်ရှိ မြတန်ဆောင်းဘုန်းကြီး စစ်ဘေးရှောင်စခန်းမှ အသက် ၅၂ နှစ်အရွယ် ဒေါ်ဦးသိန်းလှက ဆောင်းပါးထဲတွင် ယခုလို ပြောဆိုထားသည်။

“အပြင်က လာကူညီတာတွေမရှိရင် တို့ဘဝတွေက အများကြီးပိုပြီးခက်ခဲမှာပေါ့ ” ဟု ပြောသည်။

နိုင်ငံတကာက အာရုံစိုက်မှုအများစုသည် ရခိုင်ပြည်အတွင်းက မွတ်ဆလင်လူမျိုးများအပေါ်တွင်ရှိနေကြပြီး စစ်ပွဲပဋိပက္ခ၏ သက်ရောက်မှုများကို ခံနေရသော စစ်ဘေးရှောင်ဒုက္ခသည်များကို လူသိနည်းပါးကြသည်ဟု ဆောင်းပါးတွင် ရေးသားထားသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ အပစ်အခတ်ရပ်စဲထားခြင်းမှာလည်း ထိရှလွယ်သော အပစ်အခတ်ရပ်စဲရေးဖြင့် ခြိမ်းခြောက်လျှက်ရှိနေကြောင်းနှင့် မလုံခြုံမှုများကြောင့် ယခုထက်တိုင်ရှိနေကြသည့် စစ်ဘေးဒုက္ခသည်များမှာ နေရပ်ပြန်လိုကြသော်လည်း မပြန်ဝံ့ကြောင်း သိရသည်။

ဒေါ်ဦးလှသိန်းက ဆက်လက်ပြောရာတွင် “ကျမတို့အတွက်တော့ ဒီနေရာ [နေရပ်စွန့်ခွာစခန်း] မှာ လွတ်လပ်မှုနည်းတာပေါ့။ တို့ရွာမှာဆို ကိုယ်ကြိုက်တဲ့နေရာကိုယ်သွား၊ ကိုယ်ကြိုက်တာကိုယ်လုပ် လွတ်လွတ်လပ်လပ်နေလို့ရတယ်။ ဒါပေမယ့် ပြန်ရမှာကိုလဲ မပြန်ရဲသေးဘူး ” ဟု ပြောသည်။

ဒုက္ခသည်များ နေရပ်မပြန်ရဲကြသည်မှာ အချိန်မရွေးတိုက်ပွဲများ ဖြစ်ပွားလာနိုင်ခြင်းနှင့် မြေမြှုပ်မိုင်းများပါဝင်သည့် စစ်ကျန်လက်နက်ပစ္စည်းများမှာ ကျေးရွာဒေသများ၊ ဒေသခံများ လုပ်ကိုင်စားသောက်သည့် တောတောင်တို့တွင် ရှိနေသေးခြင်းအပါအဝင် ပျက်စီးဆုံးရှုံးသွားသည့် လုပ်ငန်းများ အတည်တကျမရှိသေး၍ ရေရှည်ရပ်တည်ရေး ခက်ခဲမည် စသည်တို့ကြောင့် နေရပ်ပြန်ရေးမှာ အလှမ်းဝေးနေရဆဲဖြစ်သည်ဟု စစ်တွေမြို့ရှိ UNHCR ရုံးအကြီးအကဲ Federico Sersale က ပြောသည်။

“နေရပ်စွန့်ခွာမိသားစုတွေအနေနဲ့ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ ကိုယ့်ရပ်ရွာကို ပြန်နိုင်ခွင့်ရှိပေမယ့် ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့ လိုအပ်တာတွေကို အသိပေးဖို့လိုပြီး သူတို့ကိုယ်တိုင်သဘောဆန္ဒအရ ဆုံးဖြတ်တာမျိုး ဖြစ်ဖို့လိုပါတယ်။ မည်သူ့ကိုမှ နေရပ်ပြန်ရန် သို့မဟုတ် နေရပ်စွန့်ခွာနေရာကနေ ထွက်ခွာသွားဖို့ အတင်းအကျပ် စေခိုင်းခြင်းမပြုသင့်ပါဘူး။ UNHCR အနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့်အတူ တာရှည်ခံဖြေရှင်းနည်းများ ရှာဖွေခြင်းတို့အတွက် ဆက်လက်ကူညီပံ့ပိုးသွားမှာဖြစ်ပါတယ် ” ဟု ပြောသည်။

နေရပ်စွန့်ခွာအသိုက်အ၀န်းများအတွက် ကြုံတွေ့နေရသည့်သောကများကို ထပ်ဆင့်ပိုလာစေသည့်အချက်မှာ ဒုက္ခသည်များနေထိုင်ရာစခန်းကို အာဏာပိုင်များမှ ပိတ်သိမ်းနေ၍ ဘေးဒုက္ခများ ပိုမိုများပြားလာစေနိုင်ကြောင်းနှင့် ဒုက္ခသည်များမှာ ကျေးရွာ သို့မဟုတ် အခြားနေရာသို့ ရွှေ့ပြောင်းနေထိုင်ရန် ဖိအားပေးခံနေရသည်ဟု စစ်တွေ UNHCR အကြီးအကဲက ဆိုသည်။

ပြီးခဲ့သည့် မေလ လယ်က တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်များအပါအဝင် မွတ်ဆလင်ဒုက္ခသည်များမှာ တစ်ပူကနှစ်ပူကဲ့သို့ ဆိုးရွားသော ခံစားမှုများကို ခံစားခဲ့ရပြီး ယနေ့အချိန်အထိ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များမှာ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

မုန်တိုင်းသင့်ပြည်သူများကို ကူညီထောက်ပံ့ကြမည့် UN အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာထောက်ပံ့ရေးအဖွဲ့အစည်းများအား အာဏာသိမ်းစစ်ကောင်စီက ၃ လကြာသည်အထိ ပိတ်ပင်ထားခဲ့ခြင်းကြောင့် ဒုက္ခသည်များနှင့် ဒေသခံပြည်သူများမှာ အစားအစာငတ်ပြတ်မှုဖြင့် ကြုံတွေ့ခဲ့ရကြောင်း စစ်ဘေးရှောင်ဒုက္ခသည်များက ပြောကြသည်။

လက်ရှိတွင်လည်း စစ်ကောင်စီ၏ ကန့်သတ်ချုပ်ချယ်မှုများကြောင့် ဒုက္ခသည်များနှင့် ဒေသခံပြည်သူများအား လူသားချင်းစာနာထောက်ပံ့မှုများ ပြည့်ပြည့်ဝဝ မလုပ်ဆောင်နိုင်သေးကြောင်း UN ကုသလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများက ပြောဆိုနေကြသည်။

ပုံစာ – ပြည်တွင်းနေရပ်စွန့်ခွာနေရသူများ နေထိုင်ရာမြတန်ဆောင်စခန်းတွင် ရေကြီးရေလျှံမှုများကြောင့် တည်ဆောက်ထားရသည့် ယာယီ ၀ါးလျှောက်လမ်းပေါ်တွင် သက်ကြီးရွယ်အိုတစ်ဦးလမ်းလျှောက်နေစဥ်။ အဆိုပါနေရာသည်မုတ်သုံရာသီတွင် ပုံမှန်ရေကြီး‌‌ရေလျှံလေ့ရှိသည်။ (ဓာတ်ပုံ – UNHCR/Reuben Lim Wende)

Western News-WN

https://www.facebook.com/westernnewsagency/posts/776898401116255

Leave a Reply

Your email address will not be published.