ရခိုင်မြောက်ပိုင်း မောင်တောနယ် အင်းဒင်-ကိုးတန်ကောက်ပတ်ပတ်လည်တွင် စကစတပ်ဖွဲ့ဝင်များ ကင်းပုန်း​ဝပ်နေ

By Arakan Bay News / 2023 November      7

ရခိုင်ပြည် မြောက်ပိုင်း မောင်တောမြို့နယ် အင်းဒင်စစ်ဆေးဂိတ်မှ ကိုးတန်ကောက် ပတ်ပတ်လည်ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းပုန်းဝပ်နေကြောင်း AB News ကထောက်လှမ်းသိရှိရသည်။

အင်အား ၅၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းလမ်းတစ်လျှောက်ရှိ ကျည်ကွယ် မျက်ကွယ်လွယ်သည့် နေရာများတွင် ကင်းပုန်းဝပ်နေကြကြောင်း ဒေသခံများကပြောသည်။

ယခုလို ကင်းပုန်းဝတ်နေကြသည့်အတွက် ခရီးသွားပြည်သူများအား စိုးရိမ်မှုကိုဖြစ်စေသည့်အပြင် လမ်းသွားလမ်းလာသူများအားလည်း ဖြတ်မသန်းဝံ့အောင်လုပ်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“ကင်းပုန်းဝပ်နေတာအများကြီးပဲ၊ လူမမြင်နိုင်တဲ့နေရာတွေမှာ နေရာယူထားတယ်၊ ခရီးသွားပြည်သူတွေ၊ လမ်းလျှောက်သွားလာသူတွေကို စိုးရိမ်စိတ်ဖြစ်စေတယ်၊ တစ်ချို့တွေဆို မသွားဝံ့ဘူး” ဟု ဆိုသည်။

၎င်းတို့သည် မည်သည့်ကိစ္စကြောင့် ကင်းပုန်းဝပ်ကြကို မသိရှိရဘဲ ပြည်သူများကို စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေသည်ဟု ဒေသခံများကပြောသည်​။

အင်းဒင် စစ်ဆေးဂိတ်မှ ၃ မိုင်စစ်ရေးဂိတ်သို့လည်း ဆန်ရိက္ခါများပို့ဆောင်ခြင်း၊ တပ်သားအင်အားတိုးချဲ့ခြင်းနှင့် ကင်းပုန်းဝပ်မှုများရှိလာနေကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကင်းပုန်းဝပ်နေစဥ်အတွင်းလည်း အရက်သောက်စားခြင်းများ ပြုလုပ်နေလျက်ရှိနေကြရာ ခရီးသွားပြည်သူများအား မတရားဖမ်းဆီးမည်ကိုလည်း စိုးရိမ်နေကြကြောင်း သိရသည်။

ယမန်နေ့က ရသေ့တောင်မြို့ဝင်ဝ ပြားချောင်းကြီးတံတားအနီး စကစ ၅၃၈ တပ်ရင်းမှလည်း ခရီးသွားပြည်သူများကို စစ်ဆေးမေးမြန်းခြင်း၊ မှတ်ပုံတင်မပါလျှင် ပြန်လွှတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်းတွေ့ရသည်။

ရှမ်းမြောက်ဒေသတိုက်ပွဲအတွင်း အကျအဆုံးများနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်အနှံ့အပြားရှိ ပြည်သူများအား ထိတ်လန့်စေရန်၊ စစ်ရေးလေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ AA တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးယန္တရားများကို ဝင်ရောက်နှောက်ယှက်ခြင်း၊ အရပ်ဖက်အဖွဲ့အစည်း CSO များကို လိုက်လံရှာဖွယ်ခြင်း နှင့် ကင်းပုန်းဝပ်မှုများ ကို ဆက်တိုက်ပြုလုပ်လာနေကြောင်း တွေ့ရှိရသည်။

https://www.facebook.com/ArakanBayNewsMedia/posts/306280462258212

Leave a Reply

Your email address will not be published.