ရခိုင်တွင် AA နှင့် စစ်ကောင်စီအကြား အပြန်အလှန်ဖမ်းဆီးမှုဖြစ်ပွား

By Narinjara / 2023 November     7

 Photo – AA info Desk

ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ အကြား အပြန်အလှန်  ဖမ်းဆီးမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်တွင် AA ဘက်မှစစ်ကြောင်းမှူး ၁ ဦး ကားဖြင့် ခရီးသွားစဥ် အမ်းမြို့အဝင် စစ်ဆေးရေးဂိတ်၌ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်ဟု သိရသည်။

ယင်းနောက် ယနေ့ နိုဝင်ဘာ ၇ ရက်၊ နေ့လယ် ၂ နာရီခန့်တွင် မြောက်ဦးမြို့၊ ထမ္မရာဇ် ရပ်ကွက်ရှိ ကားဂိတ်အလွန် ဆီဆိုင်အနီးတွင် ကားတစ်စီးဖြင့် လှည့်ကင်းဆောင်ရွက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့် ရဲတပ်ဖွဲ့ဝင်အချို့ကို AA ဘက်က ဖမ်းဆီးသွားသည်ဟု AA နှင့်နီးစပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။

“ဆီဆိုင်အလွန် အဲ့နားမှာ ရဲ ငါးယောက်ကို ဖမ်းလိုက်တယ်။ စစ်သားတွေလည်း ပါတယ်။ သူတို့ဘက်က ကိုယ့်လူတွေကိုဖမ်းလို့အခုလို ပြန်ဖမ်းတာလို့သိရတယ်” ဟုပြောသည်။

ယခုကိစ္စမှာ ဟုတ်မှန်သည်ဟုလည်း AA ပြောခွင့်ရသူ ဦးခိုင်သုခက အတည်ပြုပြောဆိုသည်။

“ဒီကနေ့ မြောက်ဦးမြို့မှာ အရပ်ဝတ်တွေ ဝတ်ပြီးတော့ အိမ်စီးကားနဲ့ လှည့်ပတ်သွားလာနေတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲတချို့ကို ကျနော်တို့ ရက္ခိုင့်တပ်တော်က ယာယီထိန်းသိမ်းထားပြီး မေးမြန်းနေတဲ့ဖြစ်စဥ်တစ်ခုရှိပါတယ်”ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို နိရဥ္စရာက ဆက်သွယ်မေးမြန်း နေဆဲဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်ကလည်း ကျောက်ဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် AA တို့အကြား အပြန်အလှန်ဖမ်းဆီးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက်က ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာအုပ်စုတွင် နေထိုင်သည့် AA ၏ ဒုတိုက်နယ်မှူးအဆင့်ရှိသူတစ်ဦးအား မြို့အဝင် ကျောက်တလုံးစစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ယင်းနေ့ နေ့လယ်ပိုင်းမှာပင် ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကျေးရွာရဲစခန်းတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်မှ အရာရှိအဆင့် ၁ ဦးနှင့် ရဲတပ်သား ၂ ဦးတို့ကို AA အဖွဲ့ဝင်များက ပြန်လည်ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ယင်းနောက် နှစ်ဘက် အခြေအနေတင်းမာခဲ့ရာ ကြားခံပုဂ္ဂိုလ်များက ညှိနှိုင်းပေးခဲ့၍ ပြေလည်မှုရခဲ့ကြောင်း ဒေသခံများက ပြောသည်။ (NN-11)

https://www.facebook.com/narinjara.info/posts/736552461845219

Leave a Reply

Your email address will not be published.