By Western News / 2023 November 4

ရခိုင်တွင် အာဏာသိမ်း စစ်ကောင်စီတပ်၏ ကျေးရွာအနီး တပ်စွဲနေရာယူထားမှုတို့ကြောင့် လယ်ယာလုပ်ကိုင်၍ မရသေးသည့် ကျေးရွာအများအပြား ရှိနေဆဲဖြစ်ကြောင်း နေရပ်စွန့်ခွာနေရဆဲဖြစ်သည့် ဒေသခံများက ပြောသည်။
ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့၏ ၂၀၁၈ ခုနှစ်က စတင်ခဲ့သည့် တိုက်ပွဲများကြောင့် ရခိုင်မှ မြို့နယ် အားလုံးနီးပါးမှ ဒေသခံအမြောက်ကအမြား တိမ်းရှောင်ခဲ့ရကာ လုပ်ကိုင်စားသောက်နေသည့် လယ်ယာမြေများအားလည်း စွန့်ခွာခဲ့ကြရသည်။
ထိုအထဲမှ လက်ရှိအပစ်ရပ်နေစဉ်ကာလအတွင်း နေရပ်ပြန်သူတစ်ချို့နှင့် လယ်ယာမြေများအား ပြန်လည်လုပ် ကိုင်လာနိုင်သူတစ်ချို့ရှိလာသော်လည်း နေရပ်မပြန်နိုင်သေးဘဲ လယ်ယာများအား ပြန်လည်မလုပ်ကိုင်နိုင်သေး သူများလည်းရှိနေသေးသည်။
ထိုအထဲတွင် ဘူးသီးတောင်မှ ဥယျာဉ်သာကျေးရွာလည်းပါဝင်ပြီး လက်ရှိအချိန်ထိ နီးစပ်ရာဆွေမျိုးအိမ်များနှင့် စစ်ဘေးရှောင်စခန်းတို့တွင် နေထိုင်နေကြရဆဲဖြစ်ကာ လယ်ယာမြေများလည်း လုပ်ကိုင်နိုင်ခြင်း မရှိသေးဟု ကျေးရွာသားတစ်ဦးကဆိုသည်။
“ရွာက မီးရှို့ခံရတဲ့အထဲလည်းပါသွားတယ်။ ရွာနားမှာ စစ်တပ်ကရှိနေပြီး ဘယ်သူ့ကိုမှ အဝင်မပေးဘူး။ ကျန်ခဲ့တဲ့ လယ်ယာတွေလည်း ဒီအတိုင်းပါပဲ။ ဒီဖက်မှာတော့ ကြုံရာပဲလုပ်နေကြရတော့တယ် ” ဟုပြောသည်။
ဘူးသီးတောင်မြို့နယ်တွင် ဥယျာဉ်သာကျေးရွာအပြင် နွားရုံတောင်၊ သံကြိုးတောင်၊ ဆတ်ရှားတောင် စသည့်ကျေးရွာများမှာလည်း အနီးအနားရှိ စစ်ကောင်စီတပ်စခန်းများ ရှိနေ၍ လယ်ယာများလုပ်ကိုင်၍ မရသည့်အခြေနေတွင် ရှိနေခြင်းဖြစ်သည်။
ယင်းအပြင် ရသေ့တောင်ဖက်တွင်လည်း ဆောက်ခတ်၊ မညှင်းတောင်၊ အမျက်တောင်၊ ရေစိုးချောင်း၊ အောင်သာစည်၊ ထီးစွဲ စသည့်ကျေးရွာများမှာ ကျေးရွာအနီး စစ်ကော်စီတပ်ရှိနေခြင်းကြောင့် လယ်ယာလုပ်ကိုင်နိုင်မှု မရှိကြသေးပေ။
အမျက်တောင်မှ ဒေသခံတစ်ဦးက ပိုင်ဆိုင်သည့် လယ်ယာမြေများ မလုပ်ကိုင်နိုင်၍ စားဝတ်နေရေးပိုင်းတွင်လည်း များစွာကျပ်တည်းနေကြရကြောင်းဆိုသည်။
“ကိုယ့်မှာရှိတဲ့ လယ်ယာလေးလုပ်ကိုင်စားသောက်နိုင်တော့ ဘာပဲဖြစ်ဖြစ်အဆင်ပြေတယ်လေ။ အခုမြို့ပေါ်မှာ ကြုံရာပဲလုပ် နေကြရတယ်။ စားသောက်နေထိုင်ရေးကတော စစ်ဘေးရှောင်ဆိုတာသိတဲ့အတိုင်းပဲ။ ကိုယ့်ရပ်ကိုယ့်ရွာမှာလိုဘယ်အဆင်ပြေမလဲ” ဟုပြောသည်။
ကျောက်တော်မြို့နယ်တွင်လည်း တင်းမ၊ မာလာ၊ ပြိုင်းတိုင်း၊ မုန့်သန်းပြင်၊ မီးကျောင်းတက်၊ ကျောက်တန်း စသည့် ကျေးရွာ ၆ ရွာမှ လယ်ဧက ၂၀၀၀ ကျော်ခန့်မှာ လုပ်ကိုင်စားသောက်၍ မရဘဲရှိနေပြီး တပ်စွဲနေ ထိုင်နေသူများအနေဖြင့် လယ်ယာလုပ်ကိုင်ခွင့်ကိုမပေးကြဟု ဒေသခံများကပြောသည်။
အဆိုပါမြို့နယ်များအပြင် မြေပုံ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မောင်တော စသည့်ဒေသဖက်တို့တွင် အကြောင်း အမျိုးမျိုးကြောင့် လယ်ယာလုပ်ကိုင်၍ မရသည့်ကျေးရွာများ ရှိနေသည်ဟု ရခိုင်ပြည်တောင်သူ လယ်သမားသမဂ္ဂမှ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောသည်။
“အခုကတော့ တော်တော်များများ အပြောင်အလဲတစ်ချို့ရှိခဲ့ပြီဆိုတော့ အတိကျတော့ ပြောရခက်ပါတယ်။ မြေပုံဆိုရင် ယိုးချောင်းဖက်၊ မောင်တော၊ ပုဏ္ဏားကျွန်း ဒီဒေသတွေက ကျေးရွာတစ်ချို့ရှိတယ်။ ကျောက်တော်ကတော့ အများဆုံးရှိနိုင်တယ်။ ဒါကတော့ မိုင်းအန္တရာယ်၊ တပ်စွဲနေထိုင်မှုအခြေနေ စတဲ့အေကြာင်းအမျိုးမျိုးကြောင့် လယ်ယာတွေမလုပ်ကိုင်နိုင်ကြသေးတာပေါ့ ” ဟုပြောသည်။
ရခိုင်တွင် ၂၁၀၈ ခုနှစ်မှစတင်၍ ဖြစ်ပွားခဲ့သည့် ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့၏ တိုက်ပွဲများကြောင့် ဒေသခံ ၂ သိန်းကျော်ခန့် နေရပ်စွန့်ခွာခဲ့ကြရပြီး လက်ရှိအပစ်ရပ်နေစဉ်ကာလတွင် နေရပ်ပြန်သူများရှိသလို နေရပ်မပြန်နိုင်သေးသည့် လက်ရှိစစ်ရှောင်ဦးရေမှာ ၆ သောင်းခန့်ကျန်နေသေးသည်။
လက်ရှိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များအား စစ်ကောင်စီဖက်မှ နေရပ်ပြန်ရန်ပြောဆိုမှု၊ နေရပ်ပြန်ရေးလှုံဆော်မှုနှင့် အတင်းနေရပ်ပြန်ခိုင်းမှုတို့ရှိနေပြီး စစ်ဘေးရှောင်များတောင်းဆိုသည့် ဒေသတွင်း မိုင်းရှင်းလင်းပေးရေးနှင့် တပ်စွဲနေရာယူထားမှုတို့အား ဖယ်ရှားပေးရေးတို့ကိုမှု စစ်ကောင်စီဖက်မှ အကောင်အထည်ဖော် လုပ်ဆောင်ပေးခြင်းတို့ရှိမလာခဲ့ပေ။
Western News-WN
https://www.facebook.com/westernnewsagency/posts/775630874576341