By Arakan Bay News / 2023 November 26
ရက္ခိုင်ပြည်တွင် စစ်ကောင်စီတပ်က ခရီးသွားလာရေးလမ်းများ ပိတ်ထားသောကြောင့် ဆန်စျေးမြင့်တက်မှု ဖြစ်ပြီး မြောက်ဦးမြို့၊ မြို့ဦးဂေါင်း စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်ပြည်သူများ ထမင်းခြောက် စားနေကြရကြောင်း သိရသည်။
၎င်းစခန်းရှိပြည်သူများသည် အလုပ်အကိုင်ရှားပါးခြင်း၊ ကူညီကယ်ဆယ်ရေး မရရှိခြင်းကြောင့် စားနပ်ရိက္ခာအခက်များဖြင့် ရင်ဆိုင်နေရသည်ဟု စစ်ဘေးရှောင်များကပြောသည်။
ကူညီကယ်ဆယ်ရေးမရရှိသည့်အတွက် ရိက္ခာပြတ်လပ်ပြီး ထမင်းခြောက်များကို စားနေရကြောင်း စခန်းတာဝန်ခံ ဦးမောင်မောင်သိန်းက AB News သို့ပြောသည်။
“အဖွဲ့အစည်းတွေလည်း ကူညီထောက်ပံ့တာမရှိတဲ့အတွက် ရိက္ခာတွေပြတ်လပ်သွားတယ်၊ တစ်ချို့မိသားစုတွေက ထမင်းခြောက်စားနေရတယ်၊ ကူညီနိုင်တဲ့ အဖွဲ့အစည်းတွေလာရာက်ပြီး ကူညီစေချင်ပါတယ်” ဟု ဆိုသည်။
လက်ရှိ မြောက်ဦးတွင် ရိုရိုးဆန်ချေ တစ်အိတ်လျှင် ၇ သောင်းကျော်၊ ဆန်ကြီးတစ်အိတ်လျှင် ၉သောင်းကျော် နှင့် ပေါ်ဆန်းမွှေးဆန် တစ်အိတ်လျှင် ၁ သိန်းခွဲထိ ရှိနေကြောင်း သိရသည်။
ထိုစခန်းတွင် အိမ်ထောင်စုအရေအတွက် ၁၆၀ စု၊ လူဦးရေအရေအတွက် ကျား၊ ၃၃၀၊ မ ၃၄၃ ပေါင်း ၆၇၃ ဦးရှိပြီး ၎င်းထဲတွင် မသန်းစွမ်း ကျား ၁ဝ၊ မ ၁၂ ဦး၊ ကိုယ်ဝန်ဆောင်မိခင် ၃ ဦးရှိကြောင်း သိရသည်။
စစ်ဘေးရှောင်ရွာများမှာ ရွာဟောင်းတော၊ အုတ်ဖိုကန်၊ ဘုရားအုပ်၊ အောင်သာယာ၊ မီးလက်ဝ၊ ပြိုင်းတိုင်၊ ဝေသာလီ၊ ပေါက်တောပြင်နှင့် တောင်ဘွေရွာတို့မှ ဖြစ်ကြသည်။
တစ်ချို့စစ်ဘေးရှောင်များသည် စစ်ပွဲ ဖြစ်ချိန်အတွင်း ၎င်းတို့၏နေရပ်သို့ ပြန်သွားပြီး ခိုလှုံနေရကြောင်း စစ်ဘေးရှောင်များပြောပြချက်အရ သိရသည်။
မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းကို ၂၀၁၉ ခုနှစ်က စတင်တည်ထောင်ခဲ့ကာ လက်ရှိဆိုလျှင် ၅ နှစ်ခန့်ကြာမြင့်နေပြီဖြစ်သည်။
#AB_News#မြောက်ဦးမြို့#မြို့ဦးဂေါင်းစစ်ဘေးရှောင်စခန်း#အငတ်ဘေး
Telegram နှင့် Website တွင်လည်း သတင်းများကို ဖတ်ရှုနိုင်ပါသည်။