ရက္ခိုင့်တပ်တော် AA ကို ပွဲလန့်တုန်းဖျာခင်းနေဟု စစ်ကောင်စီ ပြော

(AA က ကိုယ့်ဖျာကိုယ်ခင်းပြီး စစ်ကြေညာ၍ တိုက်နေခြင်းဟု နိုင်ငံရေးသုံးသပ်သူပြော)

By Western News / 2023 November     28

ရက္ခိုင့်တပ်တော် AA သည် နိုင်ငံ၏ အရှေ့မြောက်ဒေသတွင် ဖြစ်ပေါ်နေသော အခြေအနေများကို အခွင့်ကောင်းယူပြီး ပွဲလန့်တုန်းဖျာခင်းနေခြင်းဟု အာဏာသိမ်းစစ်ကောင်စီက ပြောဆိုလိုက်သည်။

ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်နေ့က ရခိုင်ပြည်အပါအဝင် မြန်မာနိုင်ငံ၏ အခြေအနေများကို သတင်းထုတ်ပြန်ရာတွင် အာဏာသိမ်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ရခိုင်ပြည်နယ်ဘက်မှာတော့ ပလက်ဝနဲ့ ထရွန်အိုင်ဘက်မှာ တိုက်ခိုက်ခဲ့တာရှိပါတယ်။ နှုံးဘူးမှာထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့တာရှိပါတယ်။ ပလက်ဝမှာတော့ အဝေးကနေ ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခဲ့တာ ရှိပါတယ်။ ဒီနေ့မှာ ကျွန်တော်အထူးအလေးအနက်ထားပြီး ပြောကြားလိုတာကတော့ မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ဘက်ဒေသမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို အခွင့်ကောင်းယူပြီး ပွဲလန့်တုန်းဖျာခင်းတာ လုပ်ဆောင်ဖို့အတွက် အချက်ပေးလှုံ့ဆော်မှုများ ထင်ရှားစွာ တွေ့မြင်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပလက်ဝမြို့နယ် တရွန်အိုင်ဗျူဟာနှင့် နှုံးဘူးဗျူဟာတို့ကို သိမ်းပိုက်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော် AA ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့ကစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ယနေ့အချိန်အထိ ဖြစ်သည်။

မြန်မာနိုင်ငံ၏ အရှေ့မြောက်ဘက်ရှိ ရှမ်းပြည်မြောက်ပိုင်းဒေသတွင် ကိုးကန့်တပ် MNDAA, တအောင်းတပ် TNLA နှင့် ရက္ခိုင့်တပ်တော် AA တို့စုဖွဲ့ထားသည့် ညီနောင်မဟာမိတ်တပ်ဖွဲ့က ဦးဆောင်ပြီး အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ၁၀၂၇ စစ်ဆင်ရေးအမည်တပ်ကာ အာဏာသိမ်းစစ်ကောင်စီတပ်အား ပြင်းပြင်းထန်ထန် တိုက်ထုတ်နေခြင်းဖြစ်သည်။

ထိုအခြေအနေများကို အသုံးချပြီး အခွင့်ကောင်းယူကာ ရက္ခိုင့်တပ်တော် AA သည် ရခိုင်ပြည်အတွင်းနှင့် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများဖော်ဆောင်နေခြင်းကို ပွဲလန့်တုန်းဖျာခင်းနေခြင်းဖြစ်သည်ဟု အာဏာသိမ်း စစ်ကောင်စီက ပြောဆိုခြင်းဖြစ်သည်။

သို့သော်လည်း ညီနောင်မဟာမိတ်တပ်မှ ရှမ်းပြည်မြောက်ပိုင်းတွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများအား ရှင်းလင်းရန်ခြင်းဖြစ်ကြောင်း တရားဝင် အသိပေးကြညာထားသည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရှင်းလင်းရန်အတွက် စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်နေခြင်းမှာ ညီနောင်မဟာမိတ်တပ်တစ်ခုတည်းဖြင့် လုံလောက်ခြင်းမရှိဘဲ နိုင်ငံတစ်ဝှမ်းက လက်နက်ကိုင်အဖွဲ့ အစည်းများအနေဖြင့်လည်း ၁၀၂၇ စစ်ဆင်ရေးလိုမျိုး စစ်ဆင်ရေးများဖော်ဆောင်ကာ အာဏာသိမ်း စစ်ကောင်စီတပ်များအား သုတ်သင်ရှင်းလင်းရန် လိုအပ်သည်ဟု ထုတ်ပြန်ချက်တိုင်းတွင် ပြောဆိုထားသည်။

ရှမ်းမြောက်တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကို ဗမာလက်နက်ကိုင် BPLA နှင့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်တို့က ထောက်ခံပူးပေါင်းနေပြီး စစ်ကိုင်းတိုင်းတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ KIA, AA တို့ပူးပေါင်းကာ မြို့သိမ်းတိုက်ပွဲများကို ဖော်ဆောင်နေကြသည်။

ယင်းအပြင် ညီနောင်မဟာမိတ်တပ်၏ ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံသောအားဖြင့် ကရင်နီဒေသ (ကယား) တွင် ကရင်နီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က တစ်လေးလုံး စစ်ဆင်ရေးဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်အား တိုက်ထုတ်နေကာ မြို့သိမ်းတိုက်ပွဲများအား အရှိန်မြှင့် ဖော်ဆောင်နေကြသည်။

ညီနောင် မဟာမိတ်တပ်က ၁၀၂၇ စစ်ဆင်ရေးကို တစ်နိုင်ငံလုံးအတိုင်းအတာ စစ်ဆင်ရေးအဖြစ်သို့ ပြောင်းလဲထားပြီး ယင်းမှတစ်ဆင့် နိုင်ငံတစ်ဝှမ်းက လက်နက်ကိုင်အဖွဲ့အစည်းများဖြင့် နောက်တစ်ဆင့်တက်ကာ အာဏာရှင်စနစ် အမြစ်ပြတ်ရေး ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က “၁၀၂၇ စစ်ဆင်ရေးဟာ တော်လှန်ရေးသမိုင်းကို ပြောင်းလဲလိုက်တာပါ။ အခု ညီနောင်မဟာမိတ်တပ် စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် နိုင်ငံအတွင်း အရှေ့၊ အနောက်၊ မြောက်ဘက်တွေက တပြိုင်တည်း စစ်မျက်နှာဖွင့်လိုက်တယ်။ ဒီလောက်နဲ့ စစ်အာဏာရှင်စနစ်ကို ပြုတ်ကျနိုင်မှာမဟုတ်သေးဘူး။ တောင်ပိုင်းဒေသက KNU စစ်မျက်နှာ ပွင့်ဖို့ လိုပါသေးတယ်။ KNU ကတော့ တိုက်နေတယ်ဆိုပေမယ့် တဖြေးဖြေးသွားနေတာ။ ဒီစစ်မျက်နှာတွေအားလုံး တစ်ပြိုင်တည်း အရှိန်ပြင်းပြင်းနဲ့ လုပ်ကြမယ်ဆိုရင် စစ်ကောင်စီဟာ ခံနိုင်မှာမဟုတ်ဘူး” ဟု ပြောသည်။

နိုင်ငံအနောက်ဘက်တွင် ရက္ခိုင့်တပ်တော် AA က တိုက်ပွဲများဖော်ဆောင်ပြီး စစ်မျက်နှာဖွင့်လိုက်သော်လည်း ရှမ်းမြောက်ဒေသလိုမျိုး မြို့သိမ်းတိုက်ပွဲများဖော်ဆောင်နိုင်ရန်အတွက် ချင်းတပ်များဖြင့် ပူးပေါင်းကာ စစ်ဆင်ရေးများပြုလုပ်သင့်ကြောင်း ဦးသန်းစိုးနိုင်က တိုက်တွန်းထားသည်။

ရက္ခိုင့်တပ်တော် ULA/AA သည် ပလက်ဝနှင့် ရခိုင်တွင် စစ်ကောင်စီတပ်အား တိုက်ခိုက်နေခြင်းသည် ပွဲလန့်တန်းဖျာခင်းနေခြင်းမဟုတ်ဘဲ ကိုယ့်ဖျာကိုယ့်ခင်းပြီး တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ရခိုင်နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းက ပြောသည်။

“စစ်ကောင်စီနဲ့ ‌AA ဟာ စာချုပ်စာတမ်းနဲ့ လက်မှတ်ထိုး အပစ်အခတ်ရပ်စဲထားတာ မဟုတ်ဘူး။ ရှမ်းမြောက်မှာလည်း တိုက်တယ်၊ ဒီမှာလည်းတိုက်တယ်ဆိုတာ စစ်ကြေညာပြီး တိုက်နေတာ။ ပွဲလန့်တုန်း ဖျာခင်းစရာမလိုဘူး။ စစ်ဆိုတာ ကိုယ်နိုင်မယ့်နေရာမှာ တိုက်မှာပဲ။ အရင်ကတည်းက AA ဟာ ဖျာခင်းပြီးသား။ ကိုယ့်ဖျာကိုယ်ခင်းပြီး စစ်ကောင်စီကို တိုက်နေတာ။ စစ်ကောင်စီကလည်း ပြန်တိုက်နေတာပဲ။ နဂိုကတည်းက ခင်းထားတဲ့ ကိုယ့်ဖျာနဲ့ကိုယ် စစ်ကြေညာပြီးတိုက်နေတာလို့ ပြောချင်တယ်” ဟု ပြောသည်။

ရက္ခိုင့်တပ်တော် AA သည် ပြည်သူများအား ဒုက္ခမပေးဘဲ စစ်ကောင်စီတပ်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်နေသော်လည်း စစ်ကောင်စီသည် AA ကို ဦးတည်မတိုက်ခိုက်ဘဲ ပြည်သူလူထုများကိုသာ ဦးတည်တိုက်ခိုက်နေခြင်းသည် မင်းကျင့်တရားနှင့်ညီညွတ်သော အစိုးရတစ်ရပ်ကောင်းမဟုတ်ဟု ဦးဖေသန်းက ဆိုသည်။

စစ်ကောင်စီသည် ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်နေသည်ဟု သတင်းထုတ်ပြန်တိုင်းတွင် ဝါဒဖြန့် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုနေသော်လည်း လက်ရှိအချိန်အထိ ရခိုင်ပြည် ပေါက်တောမြို့က ပြည်သူလူထုအား ဖမ်းဆီးထားခြင်းနှင့် ပိတ်မိနေသူများအား လွတ်လပ်စွာ သွားလာခွင့်မပေးသည့်အပြင် သတ်ဖြတ်ခြင်းများရှိနေ၍ စစ်ကောင်စီသည် ပြည်သူများအတွက် အကျိုးမပြုသော အစုအဖွဲ့ဟု ပြောဆိုနေကြသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/789366873202741

Leave a Reply

Your email address will not be published.