(လူနေအိမ်အချို့ ထိခိုက်ပျက်စီး)
By Narinjara / 2023 November 28

ရခိုင်ပြည်နယ်ရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြောက်ဦးနှင့် ပေါက်တော မြို့နယ်မှ လူနေကျေးရွာများကို မြန်မာစစ်ကောင်စီတပ်က ညအချိန် လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ကျေးရွာများထဲတွင် ကျရောက် ပေါက်ကွဲပြီး လူနေအိမ်များ ပျက်စီးမှုရှိနေကြောင်း သတင်းရရှိသည်။
ပေါက်တောမြို့နယ်၊ ဟင်းခရော်ကျေးရွာနှင့် မြောက်ဦးမြို့နယ်၊ ကုလားပုန်းကျွန်းရှိ ကျေးရွာအများအပြားကို ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်၊ ညအချိန်တွင် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်များ ကျရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ လက်နက်ကြီးကျည်များကို ဟင်းခရော်မြစ်အတွင်း ရပ်နားနေသည့် စစ်ကောင်စီရေတပ်နေဗီနှင့် ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ စစ်ကောင်စီ တပ်တို့က ညနေ ၆ နာရီကျော်ခန့်က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာအနီးတွင် ကျရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
မြောက်ဦးမြို့နယ်၊ ကုလားပုန်းကျွန်းမှ ညောင်ပင်လယ်ကျေးရွာသူ အမျိုးသမီးတစ်ဦးက “ရေတပ် စစ်သင်္ဘောက ပစ်တာက လမ်းပိုက်ချောင်းရွာမှာ တစ်လုံးကျတယ်။ ဘုန်းကြီးကျောင်း အနီးတွေမှာလည်း ကျတယ်။ အလယ်ကန်အနားက လယ်ကွင်းမှာ ၂ လုံးကျတယ်။ နတ်တောအနားမှာလည်း ကျတယ်။ သချိုင်းအနီးက လယ်ကွင်းတွေမှာလည်း ကျတယ်”ဟု ပြောသည်။
ကုလားပုန်းကျွန်းတွင် ညောင်ပင်လယ်ရွာအပါအဝင် နတ်ချောင်းရွာဟောင်း၊ နတ်ချောင်းရွာသစ်၊ ဂျင်ချေနှင့် ဇီးပင်ကြီးစသည့် ရွာ (၅)ရွာရှိပြီး ပုဏ္ဏားကျွန်းမြို့ အရှေ့ဘက် ကုလားတန်မြစ် တစ်ဘက်ကမ်းတွင် တည်ရှိသည်။
နောက်ထပ် ဒေသခံတစ်ဦးကလည်း “ပုဏ္ဏားကျွန်း (၅၅၀)က ပစ်တာက တာတမံအနီးမှာကျတယ်။ နေဗီကပစ်တာကတော့ ရွာအနီးက လယ်ကွင်းတွေမှာ ကျတယ်။ အားလုံးက အလုံး ၅၀ လောက်ရှိမယ်။ လူတွေက ကြောက်ပြီး အားလုံးက ပုန်းနေကြရတယ်။ မနေ့ကတစ်ညလုံး မအိပ်ရဲကြဘူး။ ဒီနေ့လည်း ဘယ်လိုဖြစ်မယ်ဆိုတာ စိုးရိမ်နေကြတယ်”ဟုလည်း ပြောသည်။
လက်နက်ကြီးကျည်များမှာ ရွာအပြင်တွင်ကျရောက်ခဲ့သည့်အတွက် လူနှင့် တိရစ္ဆာန်များမှာတစ်စုံတရာ ထိခိုက်မှုမရှိခဲ့ဟု ဆိုသည်။
ထို့အပြင် ပေါက်တောမြို့နယ်၊ ဟင်းခရော် ရွာကိုလည်း အလုံး ၂၀ ခန့်ပစ်ခတ်ခဲ့သည့် အတွက် လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ကုလားတန်မြစ်နှင့် ဟင်းခရော်မြစ်ဆုံအနီးတွင် အထိုင်ချ၍ပစ်ခတ်နေခဲ့သည့် စစ်ကောင်စီရေတပ်သင်္ဘောသည် လက်ရှိတွင် စစ်တွေဘက်သို့ ပြန်သွားပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ (NN-14)
https://www.facebook.com/narinjara.info/posts/748300487337083