မြောက်ဦးမြို့က ရပ်ကွက်တချို့မှာ စစ်ကောင်စီတပ်က ညအချိန် သေနတ်နဲ့ပစ်ခတ်တဲ့အတွက် မြို့ခံတချို့ ဘေးလွတ်ရာကိုတိမ်းရှောင်

By VOW / 2023 November   19

စစ်ကောင်စီက မြောက်ဦးမြို့က ရပ်ကွက်တချို့ကို ညအချိန်ဝင်ရောက်ပြီး သေနတ်နဲ့ပစ်ခတ်နေတဲ့အတွက် မြို့ခံတချို့ ဘေးလွတ်ရာကျေးရွာတွေကို ထွက်ပြေးနေရတယ်လို့ အောင်မင်္ဂလာရပ်ကွက်က ဒေသခံတစ်ယောက်က VOW ကို ပြောပါတယ်။

” ရပ်ကွက်ထဲကိုဝင်ပြီးပစ်နေကြတာ ၂ ညရှိပြီ။ အဲဒီစစ်သားတွေက ဗမာစကားလည်းနားမလည်ဘူး။ စစ်သားအချင်းချင်းတောင် တပ်ထဲကိုဝင်ခွင်မပေးဘူး။ ဘယ်လိုကောင်တွေလဲမသိဘူး။ အဲဒါကြောင့် ကျနော်တို့ ထွက်ပြေးရတာ” လို့ ပြောပါတယ်။

အဲဒီစစ်သားတွေဟာ မြို့သစ်ရက်ကွက်က ကယ်ဆယ်ရေးစခန်းကို ခဏခဏဝင်စစ်သလို ညအချိန်တွေမှာလည်း ရပ်ကွက်တချို့ကို လှည့်ပတ်သွားလာနေတာရှိတယ်လို့ မြို့သစ်ရက်ကွက်က ဒေသခံတစ်ယောက်က VOW ကို ပြောပါတယ်။

“သူတို့က ကျနော်တို့မြို့သစ်စစ်ဘေးရှောင်စခန်းကို လိုချင်နေတာပါ။ နေရာချဖို့ကြိုးစားနေတာ ခဏခဏလိုပဲ အခြေအနေရရင် စစ်သားတွေက အဲဒီနေရာကို နေရာယူကြမှာ မြို့ပေါ်ရက်ကွက်တွေကိုလည်း ညကျရင် သေနတ်တွေနဲ့ပစ်နေတာ မနရဲတော့ဘူး ” လို့ ပြောဆိုပါတယ်။

အဲဒီ စစ်ကောင်စီတပ်သားတွေဟာ အောင်မင်္ဂလာရပ်ကွက်က ကိုးနဝင်းဘုရားတောင်နဲ့ ဓာတ်ရွှေဂူဘုရာတောင်ပေါ်တွေမှာ နေရာယူထားတာကို ရပ်ကွက်နေ ပြည်သူတွေက မြင်တွေ့နေရတယ်လို့ ဆိုပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်တွေက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို လှမ်းပစ်နေတဲ့အတွက် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ စစ်တွေနဲ့ ပေါက်တောမြို့နယ်တွေက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အဲဒီအထဲက ပေါက်တောမြို့ခံတချို့ဟာ အခုချိန်ထိ ပိတ်မိနေဆဲဖြစ်တဲ့အတွက် အကူအညီပေးဖို့ကို စောင်မျော်နေကြတယ်လို့ ပိတ်မိနေသူတွေက ပြောပါတယ်။

https://www.facebook.com/VOW2ppl/posts/367881812290708

Leave a Reply

Your email address will not be published.