မြောက်ပိုင်းမဟာမိတ်တပ်များကို တန်ပြန်ချေမှုန်းမည်ဟု စစ်ခေါင်းဆောင်မင်းအောင်လှိုင် ကြုံးဝါး၊ AA အား ချန်လှပ်

By Western News / 2023 November     3

ရှမ်းပြည်၊ မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးဆင်နွဲခဲ့သည့် မြောက်ပိုင်းမဟာမိတ်တပ်များကို တန်ပြန်ချေမှုန်းမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြုံးဝါးခဲ့သော်လည်း  AA အား ချန်လှပ်ထားခဲ့သည်ကို တွေ့ရသည်။

၁၀၂၇ စစ်ဆင်ရေးဆင်နွှဲသူများကို တန်ပြန်ချေမှုန်းမည်ဟု နိုဝင်ဘာလ ၂ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ၌ MNDAAနှင့် TNLA ပူးပေါင်းအဖွဲ့များက ကိုးကန့်ဒေသအတွင်း  နယ်မြေလုံခြုံ ရေးစခန်းများနှင့် ဌာနဆိုင်ရာရုံးဌာနများကို တိုက်ခိုက်လာမှုများရှိကြောင်း မင်းအောင်လှိုင်က ပြောဆိုခဲ့သော်လည်း ရက္ခိုင့်တပ်တော် AA ထည့်သွင်းပြောခြင်းမရှိသည်ကို တွေ့ရသည်။

အလားတူ ကချင်ပြည်နယ်တွင်လည်း လမ်းပန်းဆက်သွယ်ရေး၊ နယ်မြေလုံခြုံရေးစခန်းများအား KIA က တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အင်အား အလွန်အကျွံသုံး၍ လုံခြုံရေးစခန်းကို တိုက်ခိုက်ခဲ့ခြင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့သည်။

“MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့များက ကိုးကန့်ဒေသအတွင်း  နယ်မြေလုံခြုံ ရေးစခန်းများ နှင့် ဌာနဆိုင်ရာရုံးဌာနများကို တိုက်ခိုက်လာမှုများရှိကြောင်း၊ အလားတူ ကချင်ပြည်နယ်တွင်လည်း လမ်းပန်းဆက်သွယ်ရေး၊ နယ်မြေလုံခြုံရေးစခန်းများအား တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် KIA အဖွဲ့အား နယ်မြေတည်ငြိမ် အေးချမ်းမှုပျက်ပြားမှုမရှိစေရေး သတိပေးခဲ့သော်လည်း ၎င်းတို့အနေဖြင့် အင်အား အလွန်အကျွံသုံး၍ လုံခြုံရေးစခန်းကို တိုက်ခိုက်ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် လုံခြုံရေးအရ ပြန်လည်ဆောင်ရွက်ခဲ့ရကြောင်း”ဟုပြောဆိုခဲ့သည်။

ရက္ခိုင့်တပ်တော် AA၊ ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA တို့နှင့်အတူ ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် စစ်ကောင်စီကို စစ်ကြေညာထားသည့် အဖွဲ့များဖြစ်ကြပြီး စစ်ကောင်စီ တပ်စခန်း ၉၀ ကျော်ကိုလည်း သိမ်းယူထားသည်။

အလားတူ အဆိုပါ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ကချင်ပြည် အတွင်း စစ်ကောင်စ၏ စစ်တပ်စခန်းများ တိုက်ခိုက်ခံရမှုအတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို အပြစ်တင်ခဲ့ပြီး  KIA နှင့်အတူ  စစ်ဆင်ရေးဖော်ဆောင်နေသည့် AA ကိုမူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းဝေဖန်ခြင်း မပြုသည်ကို တွေ့ရသည်။

ငြိမ်းချမ်းရေး ရရှိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဆွေးနွေးသည့်အချိန်တွင် အပြုသဘောဆောင်သည့်ဆွေးနွေးမှုများ ဆောင် ရွက်နိုင်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် တိုက်ခိုက်မှုများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

“မိမိတို့အနေဖြင့် တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု ထား၍ဆောင်ရွက်ပေးခဲ့ကြောင်း၊ သို့သော် မိမိတို့ အပေါ်တိုက်ခိုက်မှုများ ဆောင်ရွက် လာခြင်းကြောင့် မိမိတို့အနေဖြင့်တန်ပြန်ချေမှုန်းမှုများကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း” ဟုဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့ကစ၍ ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ၁၀၂၇ စစ်ဆင်ရေးအတွင်း လက်ရှိအချိန်အထိ စစ်ကောင်စီ၏ တပ်စခန်း စခန်း ၂ ခုကို ထပ်မံ သိမ်းပိုက်ရရှိခဲ့ပြီး စုစုပေါင်း စခန်းအရေအတွက် ၉၀ ကျော်လာပြီး ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီဘက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူကုတ်(ပန်ဆိုင်းမြို့) တို့ကို လက်လွှတ်လိုက်ရပြီဟု စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ  ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံပြောဆို လိုက်သည်။

စစ်ကောင်စီတပ်များကို ချေမှုန်းတိုက်ခိုက်နေသော ညီနောင်မဟာမိတ် ၃ ဖွဲ့၏ 1027 စစ်ဆင်ရေးတွင် NCA ထိုးထားသည့် လက်နက်ကိုင်များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအားလုံး ပူးပေါင်းပါဝင် တိုက်ခိုက်ကြရန် ရခိုင်နိုင်ငံရေးသမားများက တိုက်တွန်းနေကြသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/774973377975424

Leave a Reply

Your email address will not be published.