စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသော လူ ၃၉ ဦးနှင့် အဖွဲ့အစည်း ၂၂ ကို ကနေဒါအစိုးရ အရေးယူ
By Western News / 2023 November 1

အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံခြားဝင်ငွေ အဓိက ရှာဖွေပေးရာ ဌာနတစ်ခုဖြစ်သော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့ကြောင်း အင်္ဂါနေ့တွင် ကြေညာလိုက်သည်။
အမေရိကန် အစိုးရ၏ ပိတ်ဆို့အရေးယူသော ပုံသဏ္ဍန်သည် စစ်ကောင်စီ၏ အဓိကနိုင်ငံခြားဝင်ငွေ ရပေါက်ရလမ်းအားလုံးကို အပြည့်အဝ ဆက်လက်ပိတ်ဆို့အရေးယူခြင်းမျိုးကိုမှု မလုပ်ဆောင်သေးကြောင်း ရိုက်တာသတင်းဌာနက ထောက်ပြထားသည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဒီဇင်ဘာ ၁၅ ရက်က စတင်ပြီး MOGE ကို ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုပေးနေကြသည့် အမေရိကန်လုပ်ငန်းအားလုံးကို တားမြစ်သွားမည် ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ပိတ်ဆို့မှုသည် နိုင်ငံပိုင်လုပ်ငန်းတစ်ခုကို အမေရိကန်ပြည်ထောင်စုက ပထမဆုံး တိုက်ရိုက် အရေးယူခြင်းဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေမှာ ချေးငွေဝန်ဆောင်မှုများ၊ အကောင့်ဖွင့်လှစ်သုံးစွဲမှုများ၊ အာမခံလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားဝန်ဆောင်မှုများ ပါဝင်သည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ထဲတွင် ပါရှိသည်။
သို့သော်လည်း ဝါရှင်တန်သည် အမေရိကန်ဘဏ်လုပ်ငန်းများ ကနေ ထိထိရောက်ရောက် ထုတ်ပစ်နိုင်မည့် ပိတ်ဆို့အရေးယူခံထားရသူများစာရင်း (Specially Designed Nationals- SDN list) ထဲမှာ ဆက်လက်ထည့်သွင်းရမည့် အစား အမေရိကန်နိုင်ငံသားများနှင့် ကုန်သွယ်မှု မပြုရေးနှင့် MOGE ပိုင် အမေရိကန် ပိုင်ဆိုင်မှုများကိုသာ တားမြစ်ပိတ်ပင်လိုက်ခြင်းသာ ဖြစ်သည်။
ထို့အပြင် အမေရိကန်ဘဏ္ဍာရေးဌာနက မြန်မာစစ်တပ်နှင့် ဆက်နွယ်မှုရှိသော အဖွဲ့အစည်း သုံးခုနှင့် လူ ၅ဦးကိုလည်း ဗြိတိန်၊ ကနေဒါတို့နှင့် ပူးပေါင်းဆောင်ရွက်ကာ တပါတည်း ပိတ်ဆို့အရေးယူမှုများ ချမှတ်လိုက်ကြောင်း ဖော်ပြထားသည်။
“ဒီကနေ့ ချမှတ်လိုက်တဲ့ စည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်တွေဟာ မြန်မာစစ်အုပ်စုရဲ့ ရက်စက်ယုတ်မာမှုတွေအတွက် တာဝန်ခံမှု တာဝန်ယူမှု ရှိစေဖို့ ကျွန်တော်တို့ရဲ့ စုပေါင်းအားထုတ်မှုပဲ ဖြစ်ပါတယ်။ အခြားနိုင်ငံတွေ အားလုံးကိုလည်း မြန်မာစစ်အုပ်စုထံ လက်နက်၊ လေယာဥ်ဆီနဲ့ ဘဏ္ဍာငွေများ စီးဆင်းမှုကို ရပ်တန့်ဖို့ လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ကြပါလို့ တိုက်တွန်းလိုပါတယ်”ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က သီးခြားထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။
ဗြိတိန်ကလည်း စစ်ကောင်စီအတွက် ငွေကြေးဝန်ဆောင်မှုများနှင့် လေယာဉ်အစိတ်အပိုင်းများ အပါအဝင် ကန့်သတ်ကုန်ပစ္စည်းများ ထောက်ပံ့နေသော လူ ၅ဦးနှင့် အဖွဲ့အစည်းတစ်ခုတို့ကို ဒဏ်ခတ်ပိတ်ဆို့ကြောင်း ကြေညာခဲ့သည်။
အလားတူ ကနေဒါနိုင်ငံကလည်း စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသော လူ ၃၉ ဦးနှင့် အဖွဲ့အစည်း ၂၂ ခုကို ပိတ်ဆို့အရေးယူလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
“ဒီကနေ့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်ဟာ ဗမာစစ်တပ်အပေါ် အတူတကွ စုပေါင်းဖိအားပေးမှုပုံစံပဲ ဖြစ်ပါတယ်။ ဗမာစစ်တပ် အနေနဲ့ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ရနေသရွေ့ အကြမ်းဖက်လုပ်ရပ်တွေကို ဆက်ကျူးလွန်ဦးမှာ ဖြစ်တယ်။ ဒါတွေကို တားမြစ်ရမယ်”ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကြမ်းဖက်မှုနနှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရုံး လက်ထောက်အတွင်းရေးမှူး ဘရိုင်ယန်နယ်လ်ဆင် Brian Nelson က အဆိုပါ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
“နောက်ထပ်လည်း စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင်လုပ်နေတဲ့ နည်းလမ်းအသွယ်သွယ်ကို ဖြတ်တောက်ပိတ်ဆို့ဖို့နဲ့ အကြမ်းဖက်မှုတွေအတွက် တာဝန်ယူဖို့ ဆက်လုပ်သွားမယ်လို့ ကတိပြုပါတယ်” ဟု ၎င်းက ဆိုသည်။
ဇွန်လက ဝါရှင်တန်အနေဖြင့် စစ်ကောင်စီအတွက် လေယာဉ်ဆီ၊ လက်နက်ငယ် ထုတ်လုပ်ရေး အစိတ်အပိုင်းများနှင့် အခြားစစ်ထောက်ပံ့ရေးပစ္စည်းများ ဝယ်ယူဖို့အတွက် နိုင်ငံခြားငွေကို အသုံးပြုပေးခဲ့ကြသည့် နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့အပေါ် ပိတ်ဆို့အရေးယူကြောင်း ထုတ်ပြန်ခဲ့သည်။
MOGE သည် စစ်ကောင်စီကို နှစ်စဉ် ဒေါ်လာ သန်းရာနှင့်ချီ ထောက်ပံ့ပေးနေကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒါ့အပြင် အမေရိကန်က ပိတ်ဆို့အရေးယူထားသော ရုရှားအဖွဲ့အစည်းများဆီကနေ လက်နက်များနှင့် အခြားစစ်ဘက်ဆိုင်ရာ ပစ္စည်းများဝယ်ယူကာ မြန်မာစစ်ကောင်စီ ပံ့ပိုးပေးနေသည့် လုပ်ငန်း ၃ ခုကိုလည်း ပိတ်ဆို့အရေးယူလိုက်ကြောင်း ကြေညာချက်ထဲတွင် ဖော်ပြထားသည်။
၎င်းတို့ထဲမှ မြန်မာလုပ်ငန်းတစ်ခုဖြစ်သော Sky Royal Hero Company Limited သည် ဒဏ်ခတ်ပိတ်ဆို့ထားသော ရုရှားလုပ်ငန်းများနှင့် အလုပ်အတူလုပ်ခဲ့ပြီး တချိန်တည်းမှာ အရေးယူထားသည့် စစ်တပ်ပိုင် မြန်မာကာကွယ်ရေးပစ္စည်းဝယ်ယူရေးကုမ္ပဏီတစ်ခုနှင့် အဆက်အသွယ် ရှိနေကြောင်းသိရသည်။
အင်္ဂါနေ့တွင် အရေးယူခံရသော လူ ၅ဦးမှာ စစ်ကောင်စီတပ်မတော်၊ ရေတပ်နှင့် လေတပ်ဦးစီးချုပ်များပါဝင် သည်ဟု သိရသည်။
Ref: ရိုက်တာ
Western News-WN
https://www.facebook.com/westernnewsagency/posts/773870468085715