မြန်မာတိုက်ပွဲများကြောင့် အရေးပါသည့် တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်မိနေ

By DMG / 2023 November         12

ပုံ ၁ – မူပန်ဂိတ်တွင် တွေ့ရသည့် MNDAA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ – The Kokang
ပုံ ၂ – Google Map

ညီနောင်မဟာမိတ် သုံးဖွဲ့၏ လျှပ်တပြက်ထိုးစစ်ကြောင့် မြန်မာနိုင်ငံသည် ၎င်း၏ အဓိကကုန်သွယ်ဖက် တရုတ်နိုင်ငံသို့ ပေါက်သည့် ပင်မလမ်းကြောကြီးနှစ်ခုကို အသုံးပြု၍ မရတော့သည့်အတွက် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး ရပ်ဆိုင်းသွားကာ စစ်အစိုးရအတွက် အခွန်နှင့် နိုင်ငံခြားငွေဝင်လမ်းလည်း မရှိဖြစ်သွားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်တစ်ဝန်းတွင် တိုက်ပွဲများသည် သီတင်းနှစ်ပတ်အထိ ကြာမြင့်လာပြီဖြစ်ကာ နေရပ်တိမ်းရှောင် ထွက်ပြေးနေရသူ အရေတွက်သည် ၅ သောင်းခန့်ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ ပင်မ ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့သွားသည့်အတွက် ကုန်စျေးနှုန်းများ ထိုးတက်သွားသလို စစ်ကောင်စီသည်လည်း ၎င်း၏ စစ်တပ်အတွက် အရေးပေါ်အကူအညီများ ပေးအပ်ရန် အဆိုပါ လမ်းကြောင်းများကို အသုံးပြုမရဘဲ ဖြစ်နေသည်။

“တိုက်ပွဲတွေ စကတည်းက ဘာကုန်ကားမှ မမြင်ရသေးဘူး” ဟု တရုတ်နှင့် နယ်စပ်ချင်းထိစပ်နေသည့် မူဆယ်မြို့မှ ဒေသခံတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားသည်။

မူဆယ်မြို့မှလည်း လက်နက်ကြီးသံနှင့် သေနတ်သံများ မကြာမကြာ ကြားနေရသည်ဟု သူကဆိုသည်။

တိုက်ပွဲများ မရှိမီက မူဆယ်မှတစ်ဆင့် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို တရုတ်သို့သယ်ယူသွားပြီး အပြန်တွင် လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် စားသုံးကုန်များ တင်ဆောင်လာကြသည့် ထရပ်ကားများသည် နေစဉ် ရာပေါင်းများစွာ ရှိသည်။

မူဆယ်နှင့် ကီလိုမီတာ ၁၆၀ ခန့်ဝေးသည့် လားရှိုးမြို့တွင်လည်း တိုက်ပွဲများ၏ သက်ရောက်မှုဒဏ်ကို ခံနေရသည်ဟု ဒေသခံများက ပြောကြားသည်။

တိုက်ပွဲများမရှိခင်က ဆန်တစ်အိတ်ကို ၁၆၀၀၀၀ ရှိခဲ့ရာက ယခုအခါ ၁၉၀၀၀၀ ပေးဝယ်နေရပြီဟု လားရှိုးဒေသခံတစ်ဦးက အေအက်ဖ်ပီသို့ ပြောသည်။

 “တိုက်ပွဲတွေ ဆက်ဖြစ်နေရင်တော့ တော်တော် အခက်ကြုံရလိမ့်မယ်” ဟုလည်း သူဆိုသည်။

၁၀၂၇ စစ်ဆင်ရေးဟု အမည်ပေးပြီး အောက်တိုဘာလ ၂၇ ရက်နေ့တွင် တိုက်ပွဲများ စတင်ခဲ့သည့် အချိန်မှစ၍ မူဆယ်တွင် ကုန်စည်စီးဆင်းမှုများ ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။

တရုတ်ပြည် ယူနန်ခရိုင်နှင့် ထိစပ်နေသည့် ချင်းရွှေဟော်မြို့သည်လည်း လက်ရှိအချိန်၌ စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းလျက်ရှိသည်။

ပြီးခဲ့သော သီတင်းပတ်အတွင်းက MNDAA တပ်ဖွဲ့ဝင်များသည် ချင်းရွှေဟော် နယ်စပ်ဂိတ်၌ ၎င်းတို့၏အလံကို လွှင့်တင်ထားသည့် ဓာတ်ပုံများ ထုတ်ပြန်ခဲ့သည်။ မြန်မာစစ်တပ်ကလည်း ချင်းရွှေဟော်ကို လက်လွတ်ဆုံးရှုံးလိုက်ရပြီဟု အတည်ပြုထားသည်။

၂၀၂၃ ခုနှစ် ဧပြီလမှ နိုဝင်ဘာလအထိ တရုတ်နိုင်ငံနှင့် ကုန်စည်ရောင်းဝယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅.၃၂ ဘီလျံရှိခဲ့ရာ ၎င်း၏ သုံးပုံတစ်ပုံကျော်သည် ချင်းရွှေဟော်နှင့် မူဆယ်တို့မှ တစ်ဆင့် ကုန်စည်ကူးသန်း ရောင်းဝယ်မှုမှ ရရှိခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ ကုန်သွယ်မှုဝင်ငွေအနက် ဒေါ်လာ ၁ ဘီလျံခန့်သည် မူဆယ်မှတစ်ဆင့် တရုတ်ပြည်သို့ သွယ်တန်းထားသည့် ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့ ရောင်းရငွေဖြစ်ကြောင်း လေ့လာသူများက ပြောသည်။ နယ်စပ်ဖြတ်ကျော်ပြီး ကုန်သွယ်သည့် မှောင်ခိုစျေးကွက်လည်း ရှိနိုင်ပြီး အဆိုပါစျေးကွက် ဝင်ငွေများကိုမူ တရားဝင် အချက်အလက်များ၌ ထည့်သွင်းဖော်ပြမထားပေ။

လတ်တလောတိုက်ပွဲများကြောင့် တရုတ်နှင့် ဆက်စပ်သည့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုတော့ မရှိသေးဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ပြောကြားထားသည်။

တရုတ်နှင့် ကုန်သွယ်ရေးအတွက် အသုံးပြုသည့် အဓိက လမ်းကြောင်းများ ပိတ်ဆို့သွားခြင်းသည် မြန်မာစစ်တပ်အတွက် ဆိုလျှင်လည်း အရှက်ရစရာ ဖြစ်နေသည်ဟု International Crisis Group မှ မြန်မာ့ရေးရာ အကြံပေး ရစ်ချက်ဟိုဆေးက ပြောသည်။

တရုတ်သည် မြန်မာစစ်တပ်၏ အရေးပါသည့် မဟာမိတ်ဖြစ်သလို လက်နက်ထောက်ပံ့သူလည်း ဖြစ်သည်။ အာဏာသိမ်းမှုနောက်ပိုင်းတွင် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရင်ဆိုင်နေရသည့် မြန်မာစစ်ကောင်စီသည် ၎င်း၏ စီးပွားရေးကို အနောက်နိုင်ငံများနှင့် ဆက်ဆံရေးကို လျှော့ချပြီး အိမ်နီးချင်းတရုတ်နှင့် တိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိသည်။

ယခုလအစောပိုင်းကလည်း ဗဟိုဘဏ်ဥက္ကဌက တရုတ်-မြန်မာ ဘဏ်အချင်းချင်း နယ်စပ်ဖြတ်ကျော်ပြီး ငွေပေးချေနိုင်ရေး ဝန်ဆောင်မှုကို စတင်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ထိုအချိန်၌ နယ်စပ်တလျှောက် တိုက်ပွဲများ အရှိန်မြင့်နေပြီဖြစ်သလို ဒေသခံများသည်လည်း တရုတ်ပြည်ထဲသို့ တိမ်းရှောင်နေကြပြီ ဖြစ်သဖြင့် သယ်ယူပို့ဆောင်ရေးပိုင်းမှာ တုံ့ဆိုင်းသွားပြီ ဖြစ်လေသည်။

နယ်စပ်ဂိတ်များ ကာလရှည်ကြာ ပိတ်ထားရပါက မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးမျှခြေနှင့် နိုင်ငံခြားငွေ လဲလှယ်မှုကို ဆိုးဝါးစွာ ထိခိုက်နိုင်သည်ဟု ဟိုဆေးက ပြောသည်။

ငွေကြေးချွတ်ခြုံကျနေသည့် စစ်ကောင်စီသည်  သွင်းကုန်အတွက် နိုင်ငံခြားငွေလည်း အသည်းအသန် လိုအပ်နေသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ထောက်ပြထားသည်။ နိုင်ငံတစ်ဝန်းတွင် ၎င်း၏ အုပ်ချုပ်မှုကို ခုခံတော်လှန်နေကြသည့် အဖွဲ့များကို အမြစ်ပြတ် ချေမှုန်းနိုင်ရေးအတွက် လိုအပ်သည့် လက်နက်များကို ဝယ်ယူရန်အတွက်ပါ နိုင်ငံခြားငွေကို လိုအပ်နေခြင်း ဖြစ်သည်။

ကုန်သွယ်ရေး လမ်းမကြီးများကို မထိန်းချုပ်နိုင်သည့်အတွက် စစ်ကောင်စီ၏ နောက်ထပ် အားနည်းချက်တစ်ရပ်မှာ စစ်ကူမပို့ပေးနိုင်ခြင်း ဖြစ်ကြောင်း လေ့လာသူများက ပြောကြသည်။

“ရှမ်းပြည်မြောက်ပိုင်းကို တပ်ကူတွေ စေလွှတ်ဖို့က တော်တော်ကြီးကို အခက်ကြုံနေရပြီ။ မြန်မာစစ်တပ်က နယ်စပ်ဒေသတွေဆီ စစ်ကူလွှတ်ဖို့အတွက် ရဟတ်ယာဉ်တွေကိုပဲ အားကိုးနေရတယ်” ဟု အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျုမှ လေ့လာသူတစ်ဦးဖြစ်သူ ဂျေဆင်တာဝါက အေအက်ဖ်ပီသို့ ပြောသည်။

စစ်တပ်သည် ပြီးခဲ့သည့် နှစ်ပတ်အတွင်း ဆုံးရှုံးခဲ့ရသည့် နယ်စပ်ဧရိယာများကို ပြန်လည်သိမ်းပိုက်ရန် အခက်ကြုံရဦးမည်ဟု သူကပြောသည်။

“နေရာတွေကို ပြန်သိမ်းဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လို့ရနိုင်တယ် ဆိုပေမယ့် တရုတ်နဲ့ ပတ်သက်တဲ့ အရေးပါတဲ့ အဆောက်အအုံတွေကို ဖျက်ဆီးမိရင် တရုတ်ဘက်က စိတ်ဆိုးမယ့်အန္တရာယ် ရှိနေတယ်” ဟုလည်း ဂျေဆင်တာဝါက ဆိုသည်။

AFP တွင်ဖော်ပြထားသည့် Myanmar fighting blocks key trade routes with China မှ ကောက်နုတ်ဘာသာပြန်ပါသည်။

https://www.facebook.com/dmgnewsagency/posts/731402525700013

Leave a Reply

Your email address will not be published.