(စခန်းတစ်ခုလုံးမီးလောင်နေသည်ကို အနီးအနား ဒေသခံများမြင်တွေ့ရဟုဆို)
By Narinjara / 2023 November 28

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် တောင်ပိုင်းတွင် တည်ရှိသည့် ဗောဓိကုန်း နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော်(AA)မှ တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်လိုက်သည်ဟု သတင်းရရှိသည်။
မောင်တော-အငူမော်လမ်းရှိ ၎င်းစခန်းကို နိုဝင်ဘာ ၂၈ ရက် ယနေ့ နံနက် ၆ နာရီကျော်တွင် အေအေက ဝင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကာ နောက်ပိုင်းတွင် သိမ်းပိုက်ရရှိခဲ့သည်ဟု မောင်တောဒေသခံ တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။
“ဝင်တိုက်နေတာကတော့ ဒီနေ့မနက်ကတည်းကပါ။ တိုက်ပွဲဖြစ်နေတာက ပြင်းထန်ခဲ့တယ်။ တစ်ခြား နယ်ခြားစောင့်တွေဘက်ကလည်း လက်နက်ကြီးတွေနဲ့ ဝင်ရောက် ပစ်ကူခဲ့တာရှိတယ်။ ဒါပေမယ့် အေအေက သိမ်းသွားခဲ့ပါတယ် ” ဟုပြောသည်။
တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ယနေ့ နိုဝင်ဘာ ၂၈ရက်နေ့ ည ၈ နာရီ ကျော်လောက်တွင် ဗောဓိကုန်း စခန်းကို မီးလောင်နေသည်ကို မြင်တွေ့ခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
” မနက်ကတည်းက တိုက်ပွဲဖြစ်တယ်။ ခဏရပ်တယ်။ ပြီးတော့ စခန်းသိမ်းတယ်။ အဲ့စခန်းကို တပ်တော်ဖက်က မီးရှို့လိုက်လို့ ပြာကျသွားတယ်”ဟုပြောသည်။
ဗောဓိကုန်းစခန်းသည် ကင်းချောင်း၊ ရွှေရင်အေး၊ ခရမြိုင်စသည့် အင်အားနည်းစခန်းငယ်များအား ပေါင်းစု ထားသည့် စခန်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ပွဲကြောင့်မောင်တောမြို့နယ်မှ သရီကုန်ဘောင်၊ ကိုင်းကြီး၊ ရွှေရင်အေး၊ ခရေမြိုင်၊ ဗောဓိကုန်း စသည့်ကျေးရွာ ၅ ရွာမှဒေသခံရာနှင့်ချီ ထွက်ပြေးနေရကြောင်းသိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ရက် နေ့က ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းရှိ ဒုံးညိုနယ်ခြားစောင့် စခန်းကို ရက္ခိုင့်တပ်တော်(AA)က ဝင်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့သည်။(NN-11)
https://www.facebook.com/narinjara.info/posts/748374857329646