(ဥဒေါင်းနယ်ခြားစောင့်စခန်းအပါအဝင်စခန်းငယ်တချို့ကို ရုပ်သိမ်းသွား )
By Narinjara / 2023 November 13

ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးတည်ရှိသော မောင်တောမြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတို့ ယနေ့ ညနေပိုင်းကစတင်ပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
တိုက်ပွဲဖြစ်သည့်နေရာများမှာ မောင်တောမြို့နယ် မြောက်ပိုင်း သင်္ဘောလှ၊ မီးတိုက်ရွာကြားနှင့် ခမောင်ဆိပ် အနီးအနားတွင်ဖြစ်ပြီး ယနေ့နိုဝင်ဘာ ၁၃ရက် ညနေ ၃နာရီခန့်က စတင်ဖြစ်ပွားခဲ့သည်ဟု မောင်တောမြို့ခံ မြို့မိမြို့ဖ တစ်ဦးက နိရဉ္စရာကိုပြောသည်။
” တိုက်ပွဲဖြစ်တဲ့ နေရာက တောင်ပြိုဘက်တော့မကျဘူး။ ခမောင်းဆိပ်ဘက်ကျတယ်။ အဲဒီအနားမှာ သင်္ဘောလှ၊ မီးတိုက်ရွာတွေရှိတယ်။ အဲဒီမှာ ဖြစ်ကြတာ။ အခြေအနေနဲ့ အထိခိုက် အတိအကျ မသိရသေးဘူး ” ဟုပြောသည်။
၎င်းတိုက်ပွဲအတွင်းက ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ သင်္ဘောလှ(အထဲ)ရွာမှ အသက် (၉) နှစ်အရွယ် ဒိုင်းနက် မိန်းကလေးငယ်တစ်ဦး ကျည်စ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းမိန်းကလေးငယ်ကို ယနေ့ ညနေ ၅ နာရီခွဲခန့်တွင် နံ့သာတောင်ဆေးခန်းသို့ အရေးပေါ်ခေါ်ယူ ကုသခဲ့သော်လည်း ဆေးဝါးမပြည့်စုံသည့်အတွက် ကြိမ်ချောင်းဆေးခန်းသို့ တဖန်ခေါ်ယူသွားကြောင်း သိရသည်။
” လက်နက်ကြီးကျည်စထိတဲ့ ဒဏ်ရာက နည်းနည်းနက်တယ်။ ဒီမှာဆေးဝါးမပြည့်စုံတော့ ကြိမ်ချောင်းဆေးခန်းကို ခေါ်သွားကြတယ်။ အဲ့ကနေ တဆင့်အခြေအနေကြည့်ပြီး မောင်တော ဆေးရုံကြီးကို ယူမယ်လို့သိရတယ်”ဟု နံ့သာတောင်ကျေးရွာသူတစ်ဦးက ပြောသည်။
ယင်းအပြင် တိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် မောင်တောင်မြို့နယ်အတွင်းက ဥဒေါင်းနယ်ခြားစောင့်စခန်းအပါအဝင် စခန်းငယ်အချို့ကိုလည်း စစ်ကောင်စီက ရုပ်သိမ်းသွားခဲ့သည်ဟု ဘူးသီးတောင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးကနိရဉ္စရာကိုပြောသည်။
” ဥဒေါင်းစခန်းနဲ့တခြားစခန်းငယ်တစ်ချို့ကို စစ်ကောင်စီက ရုပ်သိမ်းသွားတယ်လို့ ကြားတယ်။ တချို့စခန်းတွေကို အေအေက သိမ်းပိုက်လိုက်ပြီလို့ ကြားရတယ်။ ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေရတော့ သတင်းအတိအကျ ရဖို့ခက်ခဲနေတယ်” ဟုပြောသည်။
ယနေ့ နံနက် ၅ နာရီအချိန်ခန့်က ရသေ့တောင် နယ်ခြားစောင့်စခန်းများ ဖြစ်သည့် ချိန်ခါလီ စခန်းနှင့် ဒုံးပိုက်စခန်း ၂ခုကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ရခိုင်ပြည်နယ်က မြို့နယ်အချို့တွင် စစ်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။
ယခု အေအေက သိမ်းပိုက်သွားသည့် စခန်းနှစ်ခုသည် မောင်တောမြို့နယ် တောင်ဘက်ပိုင်း၊ ရသေ့တောင်မြို့နယ်အတွင်းတွင်တည်ရှိသည့် နယ်ခြားစောင့်အထိုင်စခန်းများဖြစ်ကြသည်။ ယခုတိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသော နေရာများသည် မောင်တောမြို့နယ် မြောက်ပိုင်းတွင် ဖြစ်သည်။
ယင်းအပြင်မင်းပြားမြို့နယ် ဖားပြို(အောက်)ရွာအနီး ရှိပြည်ထောင်စု ကားလမ်းမကြီးတွင် သွားလာနေသည့် စစ်ကောင်စီယာဉ်တန်းကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ လိုက်လံ တိုက်ခိုက် ရာမှ နှစ်ဘက်အပြန်အလှန်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကားနှစ်စီး မီးလောင်သွားကာ စစ်သားတချို့ အဖမ်းခံခဲ့ရသည်ဟု သိရသည်။ (NN-11 and NN 7)
https://www.facebook.com/narinjara.info/posts/739861148181017