မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်နယ်ခြားစောင့်တပ်က သေနတ်ပစ်ခတ်သံများထွက်ပေါ်

By Narinjara / 2023 November     11

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်နယ်ခြားစောင့်စခန်းမှ ယနေ့ ညနေက သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့သည်ဟု ရရှိသည်။

မောင်တောမြို့နယ် တောင်ပိုင်း အင်ဒင်း နယ်ခြားစောင့် စခန်း (၂) မှ ယနေ့ နိုဝင်ဘာ ၁၀ရက်နေ့ ညနေ ၅နာရီခန့် က သေနတ်များပစ်ခတ်ခဲ့ပြီး ပစ်ခတ်သည့် အကြောင်းအရင်းကို မသိရဟု  အင်ဒင်းဒေသခံ အမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

”  ကျမနွားကျောင်းပြီးအိမ်ပြန်လာတဲ့ချိန်ကပစ်ခတ်သံကြားတယ်။ လေးငါးချက်လောက်။ ပစ်ခတ်တဲ့ အချိန်မှာ ကျမအိမ်ရောက်ခါနီးတော့ အရမ်းကြီးတော့ မစိုးရိမ်တော့ဘူး။ အရင်ကလည်း ခဏခဏပစ်တယ်။ တောင်တွေကိုပစ်တာလား။ ဘယ်ကိုပစ်တာလည်းမသိဘူး” ဟုပြောသည်။

အဆိုပါ နယ်ခြားစောင့်တပ် အင်ဒင်းစခန်းမှ ယခုရက်ပိုင်းအတွင်း လက်နက်ပစ်ခတ်စမ်းသပ်မှုများ မကြာခဏ ပြုလုပ်မှုရှိနေသည်ဟု  အင်ဒင်းကျေးရွာမှ အမျိုးသားတစ်ဦးကနိရဉ္စရာကိုပြောသည်။

” ဟိုမှာစမ်း ဒီမှာစမ်း ခုတလော အဲ့လို ပစ်ခတ်သံတွေကြားနေရတယ်။ တိုင်းပြည် မငြိမ်မသက်ဖြစ်နေတဲ့ အချိန်မှာ လူထုစိုးရိမ်ထိတ်လန့် အောင် လုပ်နေတာနဲ့တူတယ် ” ဟုပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၇ရက်နေ့ ညနေ၆နာရီကလည်းမောင်တောမြို့၊ မြို့မအနောက်ရပ်ကွက်တွင် အမှတ်(၁)နယ်စပ် အဝင်/အထွက် စခန်း (POE) စခန်းအနီးအနားတွင်‌ သေနတ် ပစ်ခတ်မှုများ  ဖြစ်ပွားခဲ့သည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/738145475019251

Leave a Reply

Your email address will not be published.