By Arakan Bay News / 2023 November 11
ရခိုင်ပြည်၊ မောင်တောမြို့နယ် လိပ်ရ မူဆလင်ကျေးရွာတွင် လူအယောက် ၂၀ မှ အုပ်စုဖွဲ့ကာ နေအိမ်တစ်လုံးအား မီးရှို့ခဲ့ပြီး အိမ်ရှင် မိသားစု ၅ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း AB News ကထောက်လှမ်း သိရှိရသည်။
မီးရှို့ခံရသည့်အိမ်မှာ လိပ်ရကျေးရွာမှ အုပ်ချုပ်ရေးမှူး( ဟောင်း ) ဦးဆွေယောဆာလန် အိမ်ဖြစ်သည်ဟု သိရသည်။
ဖြစ်စဥ်မှာ နိုဝင်ဘာလ ၉ ရက်နေ့ ည ၂ နာရီတွင် တစ်ရွာတည်းနေ မူဆလင် ၁၂ ဦးနှင့် တစ်ခြားအမည်မသိ မူဆင်လင် ၈ ဦးတို့သည် ဦးဆွေယောဆာလန်နေအိမ်ပေါ်တက်၍ မိသားစု ၅ ဦးကို လက်ပြန်ကြိုးချည်ပြီး အောက်သို့ ခေါ်ချကာ အိမ်ကို ဓာတ်ဆီဖြင့် မီးရှို့ခဲ့သည် ဟု အုပ်ချုပ်ရေးမှူးဟောင်း၏ ညီဖြစ်သူ နိုရိုဆလင်က AB News သို့ပြောသည်။
“ည ၂ နာရီလောက်မှာပါ၊ ကျနော်တို့ရွာက လူ ၁၂ ယောက်ပါတယ်၊ တစ်ခြားအမည်မသိတဲ့ ၈ ယောက်ပါတယ်၊ သူ့အိမ်ပေါ်တက်ပြီး မိသားစုတွေကို လက်ပြန်ကြိုးတုတ်ပြီး အောက်ကို ခေါ်ချတယ်၊ အိမ်ကိုဓာတ်ဆီလောင်းပြီး မီးရှို့တယ်၊ သူတို့မိသားစုကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်” ဟု ဆိုသည်။
ဖမ်းဆီးခေါ်ဆောင်သွားခံရသူများမှည (၁) ဦးဆွေယောဆာလန်၊ (၂) ဦးချောင်းရှူအာလောင်၊ (၃) ဦးဆွေးတာလောင်၊ (၄) ဦးအီဆလင်၊ (၅) ဦးမာမာတ်ရော်ဖီလ် တို့ မိသားစု ၅ ဦးဖြစ်သည်။
ထို့အပြင် ထိုမီးရှို့သည့် လူအုပ်သည် နေအိမ်ထဲမှ ငွေကျပ် သိန်း ၅၀ ကိုလည်း ယူသွားခဲ့ကြောင်း သိရသည်။
မိသားစုဝင် ၅ ဦးကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ယူသွားသည်ကိုမူ မသိကြောင်း ရွာသားများက AB News သို့ပြောသည်။
လိပ်ရရွာမှ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများမှာ (၁) ဦးဆူနာလီ၊ (၂) ဦးအာဘူလူဆင်၊ (၃) ဦးလာမျာ၊ (၄) ဦးဆွေးတာလောင်၊ (၅) ဦးမာမာတ်ဒူဘတ်၊ (၆) ဦးဟာမိ ၊ (၇) ဇော်နော်တူလာ (ခ)ဆွေယောဒ်နူး၊ (၈) ဦးအာနူမျာ၊ (၉) ဦးအဘူတာဟတ်၊ (၁၀) ဦးမဟာဘူရာမာန်၊ (၁၁) ဦးအဘူဟာယာရ်၊ (၁၂) ဦးအဘူရာဟိန်း နှင့် တစ်ခြားအမည်မသိ ၈ ဦးတို့ဖြစ်ကြောင်း သိရသည်။
လက်ရှိ ဥက္ကဌဖြစ်သူ ဦးဂူရာဆာနှင့် ဥက္ကဌဟောင်း ဦးဆွေယောဆာလန်တို့ကြားတွင် ပြဿနာများ ရှိခဲ့သောကြောင့် ဦးဂူရာဆာ၏ ဆွေမျိုးများက နေအိမ်အားမီးရှို့ကာ ဥက္ကဌဟောင်း မိသးးစုအား ဖမ်းယူသွားခြင်းဖြစ်နိုင်ကြောင်း ရွာသားများက ပြောသည်။
မိသားစုများသည် ထိုကိစ္စကို တိုင်တန်းရန် မောင်တောမြို့ ကြိမ်ချောင်းရှိ စစ်ကောင်စီ အမှတ် ( ၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ သွားရောက်တိုင်တန်းခဲ့သော်လည်း ကျူးလွန်သူများအားအရေးယူဆောင်ရွက်ပေးခြင်းမရှိသေးဟု ပြောသည်။
လက်ရှိတွင် ထိုအမှုအား အာရက္ခပြည်သူ့အစိုးရအဖွဲ့၏ သက်ဆိုင်ရာ ရုံးသို့ တိုင်တန်းထားသောကြောင့် သက်ဆိုင်ရာမှ အမှုအား ကိုင်တွယ်နေကြောင်း သိရသည်။