မင်းပြား စစ်ကောင်စီ တိုင်းဗဟို (၉) မှ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်မှုရှိနေ၊ တိရစ္ဆာန်များ ထိခိုက် သေဆုံးမှုများရှိ

By Western News / 2023 November     8

ပုံစာ- ၂၀၁၉ ခုနှစ်က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာတပ်နယ်(မုန်တိုင်)၌ စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခု

ရခိုင်ပြည် မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ၏ လေ့ကျင့်ရေးသင်တန်းကျောင်းတစ်ခုဖြစ်သည့် တိုင်းဗဟို(၉) မှ ယခုရက်ပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်မှုရှိနေကြောင့် တိရစ္ဆာန်များ ထိခိုက်၊ သေဆုံးမှုများရှိနေကြောင်း အနီးနားမှ ဒေသခံများကပြောသည်။

ပစ်ခတ်မှုတို့မှာ ယမန်နေ့ နိုဝင်ဘာ ၇ ရက်နှင့် ယနေ့ နိုဝင်ဘာ ၈ ရက်နေ့တို့တွင်ဖြစ်ပြီး ယနေ့နံနက်ပိုင်းခန့်က လက်နက်ငယ်များ ဆက်တိုက်ပစ်ခတ်မှုရှိခဲ့သည်ဟု အနီးနားကျေးရွာတစ်ခုဖြစ်သည့် အိုးပုံတောင်မှ ဒေသခံတစ်ဦးကပြောသည်။

“ဒီနေ့တော့ လက်နက်ကြီးမကြားမိဘူး။ လက်နက်ငယ်တွေပဲ။ ပြီးခဲ့တဲ့ရက်တွေကတော့ လက်နက်ကြီး တစ်လုံးစ၊ နှစ်လုံးစပစ်သံတော့ကြားတယ်။ ဒီနေ့က မနက်ပိုင်းပစ်တာ ခုနေ့လည်ပိုင်းတော့မကြားတော့ဘူး” ဟုပြောသည်။

ယခုပစ်ခတ်မှုအပြင် ပြီးခဲ့သည့် အောက်တိုဘာ တတိယသီတင်းပတ်အတွင်းကလည်း အဆိုပါ လေ့ကျင့်ရေး သင်တန်းကျောင်းမှ လက်နက်ကြီးပစ်ခတ်မှုတို့ ဆက်တိုက်ရှိခဲ့မှုကြောင့် အနီးနားဒေသခံများမှာ စိုးရိမ်မှုမြင့်တက်ခဲ့သည်။

ယင်းအပြင် စစ်ကောင်စီတပ်၏ လေ့ကျင့်ရေးသင်တန်းကျောင်းတိုင်းဗဟို(၉) ပတ်လည်တွင် မြေမြုပ်မိုင်းများထောင်ထားခြင်းများ ယခုရက်ပိုင်းတွင် အများအပြားပေါက်ကွဲသံကို ကြားရပြီး ကျေးရွာသားများ၏ ကျွဲနွားများလည်း ထိခိုက်ဆုံးရှုံးမှုရှိကြသည်ဟု အနီးရှိကျေးရွာသားတစ်ဦးက ဆိုသည်။

“မိုင်းပေါက်တာတွေလည်း ဆက်တိုက်ရှိတယ်။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း လူတွေတော့ မသွားကြဘူးပေါ့။ ဒါပေမယ့် ကျွဲနွားတွေက စားကျက်ရှာရင်း ရောက်သွားကြရာကနေ မိုင်းပေါက်ကွဲတာတွေဖြစ်တယ်။ ဟိုတလောကလည်း ကျွဲ ၆ ကောင်သေတယ်။ မနေ့ကလားမသိဘူး ကျွဲတစ်ချို့ ဒဏ်ရာရထားကြတယ်” ဟုပြောသည်။

စစ်ကောင်စီ၏ တိုင်းဗဟို(၉) အနီးတွင် အိုးပုံတောင်၊ ကြာအင်းတောင်၊ ချဲကျေးရွာ၊ မေလွန်း၊ ပန်းနွယ်၊ ကမ်းနီ၊ အုန်းပုန်း စသည့်ကျေးရွာများရှိနေပြီး လက်နက်ကြီးမျက်နှာမူထားသည့်ဖက်တွင် သရီချောင်းဒေသမှ ချင်းတိုင်းရင်းသားရွာ ၃ ရွာခန့်ရှိနေကြောင်းသိရသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကော်စီတပ်တို့၏ ပြီးခဲ့သည့် တိုက်ပွဲကာလအတွင်းက အဆိုပါတိုင်းဗဟို(၉) မှလက်နက်ကြီးများ ပစ်ခတ်မှုကြောင့် အနီးနားကျေးရွာများမှ ကျေးရွာသားများ ထိခိုက်ခြင်း၊ သေဆုံးခြင်းတို့ရှိခဲ့ရာ ထိုအကြောင်းရင်းတို့ကြောင့် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သံကြားလျှင် ဒေသခံများစိုးရိမ်မှု ပိုလျှက်ရှိနေကြခြင်းဖြစ်သည်။

စစ်ကောင်စီဖက်မှ လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှုအကြောင်းရင်းနှင့်ဆက်စပ်၍မူ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပစ်ခတ်မှုများပြုလုပ်မည်ဆိုပါက ပြည်သူများထိတ်လန့်မှုမဖြစ်စေရန် ကြိုတင်အသိပေးပြောဆို ထားသင့်ကြောင်း ပြောဆိုထားသည်။

ရခိုင်တွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့က လည်း ပုဏ္ဏားမြို့ရှိ ခမရ ၅၅၀ တပ်ရင်းမှ လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှုတို့ရှိခဲ့ပြီး စစ်ကောင်စီဖက်မှ ရေပြင်၊ မြေပြင်တွင် စစ်ရေးလေ့ကျင်မှုတို့ ဆက်တိုက်နီးပါးရှိနေကာ ရိက္ခာနှင့် လူအင်အားဖြည့်တင်းမှုတို့ကိုလည်း ဆက်တိုက်လုပ်ဆောင်လျှက်ရှိနေသည်။

လက်ရှိ ရခိုင်ဖက် စစ်ရေးအခြေနေမှာ နှစ်ဖက်နားလည်မှုဖြင့် အပစ်ရပ်ထားဆဲဖြစ်သော်လည်း ရှမ်းမြောက်ဖက်ရှိ ၁၀၂၇ စစ်ဆင်ရေးတွင် ရက္ခိုင့်တပ်တော်ပါဝင်နေမှုကြောင့် ရခိုင်ဒေသတွင်လည်း နှစ်ဖက်လုံးမှ စစ်ရေးပြင်ဆင်မှုတို့ အရှိန်မြှင့်လုပ်‌ဆောင်လျှက်ရှိနေကြသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/778050741001021

Leave a Reply

Your email address will not be published.