By Narinjara / 2023 November 13

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ ကျိန်းတောင်ဘုရားတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်က ယနေ့ နိုဝင်ဘာ ၁၃ ရက် တစ်နေ့လုံး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိသည်။
သမိုင်းဝင်ကျိန်းတောင်ဘုရားတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဘက်က အနီးနားကျေးရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်နေပြီး မြို့ခံများလည်း စိုးရိမ်နေကြသည်ဟု မင်းပြားမြို့ခံ တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။
“တစ်နေကုန်ပစ်နေတာ။ ကျိန်းတောင်အောက်ဘက်မှာတပ်စွဲထားတဲ့တပ်က။ မြို့ပေါ်ကို ကျော်ပြီးသွားနေတာ လက်နက်တွေက။ မြို့ပေါ်ကိုကျမှာလည်း စိုးရိမ်မိတယ်”ဟုပြောသည်။
အဆိုပါစစ်ကောင်စီတပ်သည် နှစ်ဦးနှစ်ဖက် တိုက်ပွဲမရှိဘဲ ယင်းသို့ ပစ်ခတ်နေခြင်းသည် သူတို့၏ သူရဲဘောကြောင်သော စိတ်ဓာတ်ကြောင့် ဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။
“တိုက်ပွဲမဖြစ်ဘဲပစ်နေတာတစ်ရက်လုံး။ အကြိမ် ၂၀ ကျော် ၃၀ လောက်ရှိပြီ။ အကြောင်းမဲ့သက်သက်။ သူတို့သူရဲဘောကြောင်တာနဲ့ အပြစ်မဲ့တဲ့လူတွေကို ပစ်နေတာ။ အိပ်လို့လည်းမရတော့ဘူး။ ထွက် ပေကား နေရတယ်” ဟုပြောသည်။
ယင်းအပြင် လက်နက်ကြီးများသာမက လမ်းပေါ်တွင် သေနတ်များဖြင့် ပစ်နေသောကြောင့် အနီးအနားပတ်ဝန်းကျင်မှထွက်ပြေးနေရသည်ဟု ဒေသခံတစ်ဦးကပြောသည်။
” အခု ကျမတို့ထွက်ပြေးနေတယ်။ လက်နက်ကြီးတွေရော တောင်ပေါ်ကနေ ပစ်တယ်။ လက်ငယ်နဲ့ လမ်းပေါ်မှာ ပစ်ပြီးသွားနေကြတယ်” ဟုပြောသည်။
မင်းပြားမြို့ကျိန်းတောင်ပတ်လည်တွင် ၅၄၁၊ ၃၈၀၊ ၃၇၉ တပ်ရင်းများက တပ်စွဲထားကြောင်း သိရသည်။
မင်းပြားမြို့နယ် ဖားပြို(အောက်)ရွာအနီး ရှိပြည်ထောင်စု ကားလမ်းမကြီးတွင် သွားလာနေသည့် စစ်ကောင်စီယာဉ်တန်းကို ယနေ့နံနက်က ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ လိုက်လံ တိုက်ခိုက်ရာမှ နှစ်ဘက်အပြန်အလှန်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကားနှစ်စီး မီးလောင်သွားကာ တပ်ဖွဲ့ဝင်တချို့ အဖမ်းခံခဲ့ရသည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/739921968174935