မင်းပြားနှင့် မြောက်ဦးတွင် စစ်ကောင်စီမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်နေ

By Western News / 2023 November     21

ရခိုင်ပြည် မင်းပြားနှင့် မြောက်ဦးမြို့နယ်တွင် ယနေ့ နိုဝင်ဘာ ၂၁ ရက်ညဉ့် အချိန်၌ စစ်ကော်စီမှ လက်နက်ကြီး လက်နက်ငယ်တို့ဖြင့် ရမ်းသမ်းပစ်ခတ်လျှက်ရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက Western News ကို ပြောသည်။

မင်းပြားမြို့ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ ၃၇၉၊ ၅၄၁၊ ၃၈၀ တို့ လက်နက်ကြီးများဖြင့် နေညိုစအချိန်မှစ၍ လက်နက်ကြီးများ အဆက်မပြတ် ရမ်းသမ်း ပစ်ခတ်နေကြောင်း နေသည်ဟု မင်းပြားမြို့ခံတစ်ဦးကပြောသည်။

“ဒီနေ့ လက်နက်ကြီး အရမ်းပစ်နေပါတယ်။ မြို့တစ်ဝိုက်တပ်ရင်းတွေကနေပစ်နေတာ။ နေညိုစအချိန် လောက်ကနေ စပစ်နေတာ ဘယ်အချိန်မှ ရပ်မယ်မသိဘူး” ဟုပြောသည်။

ယင်းအပြင် မြောက်ဦးမြို့နယ် ကုလားတန်မြစ်ကြီးကြောင်းတစ်လျှောက်တွင်လည်း စစ်ကောင်စီ၏ နေဗီမှ မြစ်ကြောင်း တစ်လျှောက်ကျေးရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်လျှက်ရှိနေကြောင်း နောင်မင်းကျေးရွာမှ ဒေသခံတစ်ဦးကဆိုသည်။

“မြစ်ကြောင်းတစ်လျှောက်ပစ်ပြီး တက်သွားပါတယ်။ ညဉ့်အချိန်ဆိုတော့ ထိခိုက်မှုရှိလားမရှိလား သေချာမသိရဘူး။ အခုကစပါးသိမ်းချိန်ဆိုတော့ မြစ်ကမ်းစပ်ဖက် တဲထိုးနေကြတာတွေလည်းရှိတော့ နည်းနည်းတော့စိုးရိမ်ရတယ်။ ပစ်တာကတော့ လက်နက်ကြီးရော၊ လက်နက်ငယ်ရောပါ” ဟုပြောသည်။

ကုလားတန်မြစ်ကြောင်းတစ်လျှောက်ရှိ မြောက်ဦးမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်ဖက်မှ ကျေးရွာအချို့ကိုလည်း စစ်ကောင်စီမှ ယနေ့ နေ့လည်ပိုင်းအချိန်ခန့်ကလည်း လေကြောင်းမှ ပစ်ခတ်မှုလည်းရှိခဲ့ကြောင်း ဒေသခံများ ကပြောဆိုသည်။

ပျားတဲကျွေးရွာမှ ဒေသခံတစ်ဦးက” မြောက်ဦးမြို့နယ် ပျားတဲ့ကျေးရွာအနားက  ညနေ ၆နာရီ ၃၀မိနစ် နေဗီမှ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပိတ်ခတ်နေတယ်။ ထိခိုက်မှုအခြေအနေကို မသိရသေးဘူး”ဟု ပြောသည်

ရခိုင်တွင် တိုက်ပွဲဖြစ်ပွားလာပြီးနောက် စစ်ကောင်စီမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လေကြောင်း၊ ရေကြေင်း အသုံးပြုကာ ကျေးရွာများ၊ မြို့နယ်များသို့ ဆက်တိုက်ပစ်ခတ်နေမှုတို့ရှိနေပြီး ထိုသို့ပစ်ခတ်မှုကြား ဒေသခံအများအပြား ထိခိုက်မှုနှင့် သေဆုံးမှုတို့လည်းရှိနေပြီဖြစ်သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/785655260240569

Leave a Reply

Your email address will not be published.