By DMG / 2023 November 28

ရခိုင်ပြည်၊ ပေါက်တောမြို့ကို ထိန်းချုပ်ရန်အတွက် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ အင်တိုက်အားတိုက် ကြိုးစားနေသည့် ပေါက်တောမြို့တိုက်ပွဲမှာ ၁၃ ရက်အထိ ကြာမြင့်လာပြီဖြစ်သည်။
ပေါက်တောမြို့ကို ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီက ကြေးရေလေ ပူးပေါင်းစစ်ဆင်နေပြီး AA ကလည်း ပိတ်မိနေသည့် မြို့ခံများကို ကယ်ထုတ်ရန်ကြိုးပမ်းရင်း နေ့စဉ် တိုက်ပွဲပြင်းထန်နေသည်။
ယနေ့ နံနက် ၁၁ နာရီကျော်တွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် နှစ်ကြိမ်၊ နေ့လည် ၂ နာရီခန့်က ဂျတ်တိုက်လေယာဉ်ဖြင့် တစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး ကုလားတန်မြစ်နှင့် ကျွဲကူးမြစ်ကြောင်းရှိ စစ်နေဗီများကလည်း လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း မျက်မြင်ဒေသခံတစ်ဦးက DMG သို့ ပြောသည်။
“ဒီနေ့ လေယာဉ်နှစ်စီးနဲ့ လာပစ်တာရှိတယ်။ နောက်ပြီးတော့ နေဗီတွေကလည်း လက်နက်ကြီးပစ်တယ်။ မြို့ထဲမှာလည်း သေနတ်ပစ်သံတွေ ကြားနေရတယ်။ မနေ့ကလည်း လက်နက်ကြီးတွေနဲ့ တစ်နေကုန်ပစ်တာ” ဟု ပြောသည်။
ယင်းအပြင် လေယာဉ်ဖြင့်ဗုံးကြဲမှုနှင့် စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘဝမ်းရပ်ကွက်နှင့် အထက်တန်းကျောင်းအနီးသို့ကျရောက်ကာ နေအိမ်တချို့မီးလောင်နေသည်ကို တွေ့ရကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
“လေယာဉ်ကနေ ဗုံးတွေအတွဲလိုက်ချသွားတာ။ နေအိမ်တွေ မီးလောင်နေတာကို မြင်ရတယ်။ ဒီနေ့က အရင်နေ့တွေကထက် မီးလောင်နေတာ ပိုများတယ်။ ၁၁ နာရီလောက်ကတည်းက မီးလောင်နေတာ”ဟု ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ နှင့် ၂၅ ရက်ကလည်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ပေါက်တောမြို့ပေါ်ရှိ နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ပြီး ပိတ်မိနေသည့် အဖွားအိုတစ်ဦးလည်း သေဆုံးသွားခဲ့သည်။
ပေါက်တောမြို့မှ စစ်ဘေးရှောင်တစ်ဦးက “နေ့တိုင်းလိုလို အိမ်တွေမီးလောင်နေတာ မြင်နေရတော့ ဝမ်းနည်းမိတယ်။ ကျမအိမ်များပါသွားပြီလားဆိုပြီးတော့” ဟု ပြောသည်။
စစ်ရေးပဋိပက္ခအတွင်း ပိတ်မိနေသူများနှင့် စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီးထားသည့် ဒေသခံ ၂၂၀ ကျော် ကို နိုဝင်ဘာ ၂၁ ရက်နှင့် ၂၃ ရက်တွင် ရက္ခိုင့်တပ်တော်(AA)က ကယ်ထုတ်နိုင်ခဲ့သည်။ ပေါက်တောမြို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း AA က နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်သည်။
ပေါက်တောမြို့သည် ရေကြောင်းလမ်းပန်းဆက်သွယ်ရေးတွင် အချက်အချာကျသည့် မြို့တစ်မြို့ဖြစ်သဖြင့် စစ်ကောင်စီနှင့် AA တို့ အပြိုင်အဆိုင် တိုက်ယူနေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
“ပေါက်တောတိုက်ပွဲဟာ ULA/AA ရဲ့ ပထမဦးဆုံး မြို့သိမ်းတိုက်ပွဲဖြစ်တယ်။ ပေါက်တောက စစ်တွေမြို့ရဲ့ မြို့ဝဖြစ်တဲ့အတွက် ရေကြောင်းဆက်သွယ်ရေးတွေမှာ အဓိက အချက်အချာကျတဲ့ မြို့ဖြစ်တယ်။ ULA/AA က ပေါက်တောကို သိမ်းပိုက်နိုင်ခဲ့ရင် စစ်ကောင်စီဖက်က စစ်ရေးအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ မလုပ်ဆောင်နိုင်တော့ဘူး။ ဒါကြောင့် အပြိုင်အဆိုင်တိုက်ခိုက်နေကြတာ” ဟု နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းက ပြောသည်။
#D002 #DMG
https://www.facebook.com/dmgnewsagency/posts/740169301490002