(ဒေသခံပြည်သူများက ပုဏ္ဏားကျွန်းမြို့မဈေးကို စစ်ကောင်စီက မီးရှို့ခြင်းဟုဆို)
By Western News / 2023 November 25

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့မဈေးမှာ ယမန်နေ့ နိုဝင်ဘာလ ၂၄ ရက် နေ့လယ်က ကုလားတန်မြစ်ကြောင်းရှိ စစ်ကောင်စီ နေဗီမှ ပစ်ခတ်သော လက်နက်ကြီးကြောင့် မီးလောင်ပြာကျသွားသည်ကို စစ်ကောင်စီက ၎င်းတို့ လက်ချက်မဟုတ်ကြောင်း ဗြောင်ဗြောင်တင်းတင်း လိမ်လည်လိုက်သည်။
ကရင်နီဒေသ၊ ရခိုင်၊ ရှမ်းမြောက်နှင့် စစ်ကိုင်းဘက်က အခြေအနေများကို စစ်ကောင်စီမှ ယမန်နေ့က သတင်းထုတ်ပြန်ရာမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကဲ့သို့ လိမ်လည်လိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီကို အထင်အမြင်လွဲစေရန် ရက္ခိုင့်တပ်တော် AA က လုပ်နေခြင်းဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့မဈေးမီးလောင်ခြင်းမှာ အချိန်ကိုက်ရှို့မီးဖြစ်သည်ဟု ဇော်မင်းထွန်းက မုသားပြောဆိုထားသည်။
“ပုဏ္ဏားကျွန်း ဈေးမီးလောင်တာ နဲ့ပတ်သက်ပြီး ဒီဟာသည် ကျနော်တို့ သံသယရှိတာသည် အချိန်ကိုက် ရှို့မီးပဲဖြစ်နိုင်ပါတယ်။ AA အနေနဲ့ ဒေသခံပြည်သူလူထုကို အသုံးချပြီး အထင်အမြင်လွဲမှားအောင် ပြုလုပ်နေတာပဲဖြစ်ပါတယ်” ဟု ပြောသည်။
စစ်ကောင်စီသည် ပုဏ္ဏားကျွန်းမြို့မဈေးကို မီးရှို့စရာ အကြောင်းမရှိကြောင်းနှင့် ပြည်သူကို ပစ်မှတ်ထား ပစ်ခတ်စရာမရှိဘဲ စစ်ရေးပစ်မှတ်ကိုသာ တိုက်ခိုက်နေခြင်းဟု ဇော်မင်းထွန်းက လိမ်လည်ပြောသည်။
ပုဏ္ဏားကျွန်းပြည်သူများကမူ ဦးရာဇ်တောင်စေတီအနီး ကုလားတန်မြစ်ကြောင်းတွင်ရှိသည့် စစ်ကောင်စီ နေဗီမှ ဈေးကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်၍ မီးလောင်သွားခြင်းဟု ပြောသည်။
ဒေသခံတစ်ဦးက “ဦးရာဇ်တောင် မင်းကန်အနီးမှာရှိတဲ့ စစ်ကောင်စီ နေဗီက ပစ်ခတ်လိုက်တာပါ။ နှစ်ဖက်တိုက်ပွဲတွေမရှိဘဲ ရည်ရွယ်ချက်ချက်ရှိရှိနဲ့ မြို့မဈေးကို ပစ်ခတ်လိုက်တာပါ။ ပြည်သူတွေကို ဦးတည်ပစ်ခတ်နေတာပါ” ဟု ပြောသည်။
မီးလောင်ပြီး နာရီဝက်ကျော်ကြာမှ မီးသတ်ကားများ လာရောက်ခဲ့သော်လည်း မီးလောင်မှုအလွန်ပြင်းထန်၍ အချိန်မီ မငြိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် ဈေးရှိ အဝတ်ဆိုင်များမှာ တဖြေးဖြေးမီးလောင်နေကာ ညအထိ မီးမငြိမ်းနိုင်သေးပေ။
” အာရုံတက်လောက်မှ မီးက ငြိမ်းတော့ ဘာမှ မကျန်တော့ဘူး။ အကုန်လုံးက ပြာကျသွားပြီ။ မီးသတ်ကားတွေကို ၅၅၀ တပ်က တားခဲ့တယ်လို့ သိရတယ်။ မသွားရဘူးလို့ ပြောကြတယ်။ စစ်ကောင်စီဟာ ပြည်သူတွေကို ကာကွယ်ပေးနေတာမဟုတ်ဘူး။ ရာဇဝတ်မှုတွေ ကျူးလွန်နေတာဖြစ်တယ်” ဟု မီးလောင်ဆုံးရှုံးသွားသည့် ဈေးသည်တစ်ဦးက ပြောသည်။
မီးလောင်ဆုံးရှုံးသွားသည့် တန်ဖိုးများကို မသိရသေးသော်လည်း ပုဏ္ဏားကျွန်းမြို့မဈေးတွင် အဝတ်ဆိုင်များ၊ ကုန်စိမ်း/ကုန်ခြောက်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ စားသုံးဆီများ၊ ဆေးဝါးဆိုင်များ၊ ကုန်လှောင်ရုံများစသည့် ဈေးဆိုင်ခန်းပေါင်း ၁၅၀ ကျော်ရှိကြောင်း သိရသည်။
စစ်ကောင်စီသည် ရခိုင်ပြည်သူများ၏ အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်နေသည်ဟု ပြောသောစကားသည် လက်ခံနိုင်စရာမရှိကြောင်းနှင့် ယနေ့အချိန်အထိ ပေါက်တောမြို့ထဲက ပိတ်မိနေသော အရပ်သားများနှင့် ဖမ်းဆီးထားသော အရပ်သားများကို ပြန်လည်လွှတ်ပေးခြင်းမရှိသေးသည်က သက်သေထူနိုင်သည်ဟု လွတ်မြောက်လာသူတစ်ဦးက ပြောသည်။
ရက္ခိုင့်တပ်တော် AA ကယ်ထုတ်လာသည့် ပေါက်တောပြည်သူတစ်ဦးက စစ်ကောင်စီ ဖမ်းဆီးထားစဉ်အတွင်း ခံခဲ့ရပုံများကို ယခုလို ပြောပြသည်။
“ကျနော်တို့ အရပ်သားတွေကို ဖမ်းထားတာ နေရာ ၃ ခုရှိတယ်။ လောကထိပ်ပန်ဘုရားရင်ပြင်၊ မြို့နယ်ခန်းမနဲ့ စိုက်ပျိုးရေးရုံးမှာပါ။ ရာနဲ့ချီရှိပါတယ်။ အပြင်ထွက်ခွင့် မပေးတော့ဘူး။ ကျနော်တို့က မြို့ကိုစွန့်ခွာပြီး ဘေးလွတ်ရာကို သွားမယ်လို့ ပြောတယ်။ စစ်သားတွေက ဘာမှမပြောနဲ့ ပြောရင်ပစ်သတ်မယ်။ ထွက်ပြေးရင် ပစ်သတ်မယ်လို့ ပြောတယ်။ နေအိမ်တွေမှာလည်း လူတွေရှိသေးတယ်။ အပြင်မထွက်ရဘူး။ မြို့ထဲလျှောက်သွားပြီး တွေ့သူတွေကို ပစ်တာ။ ဒါလား ပြည်သူတွေကို ကာကွယ်စောင့်ရှောက်တာ။ အခုထက်ထိ ဖမ်းထားတဲ့သူတွေ၊ ပိတ်မိနေတဲ့သူတွေကို ဘေးလွတ်ရာသို့ မပို့ဆောင်ဘဲ တိုက်ပွဲကြားမှာ ထားထားတာဟာ ပြည်သူတွေကို ဓားစာခံအဖြစ် ခေါ်ထားတာပဲ။ စစ်ကောင်စီရဲ့ ပြောဆိုချက်တွေကို မယုံဖို့ တိုက်တွန်းချင်ပါတယ်။ ” ဟု ပြောသည်။
ပေါက်တောမြို့တွင် စစ်ကောင်စီတပ်က လူသားဒိုင်းကာနှင့် ဓားစာခံအဖြစ် ဖမ်းဆီးထားသော အရပ်သားများနှင့် ပိတ်မိနေသူများကို ရက္ခိုင့်တပ်တော် AA မှ နိုဝင်ဘာလ ၂၁ ရက်နေ့ကစ၍ ကယ်ထုတ်ပေးနေပြီး နိုဝင်ဘာလ ၂၂ ရက်နေ့အထိ အရပ်သား ၂၂၄ ဦးကို ကယ်ထုတ်ထားနိုင်ပြီဟု AA က ထုတ်ပြန်ထားသည်။
ဆက်လက်ပြီး ကျန်ရှိနေသေးသည့် အရပ်သားပြည်သူများကို ကယ်ထုတ်နိုင်ရန် AA က ကြိုးပမ်းနေကြောင်းနှင့် ကယ်ထုတ်လာသူများကိုလည်း ဘေးကင်းရာနေရာများတွင် စောင့်ရှောက်ထားသည်ဟု AA က ဆိုသည်။
စစ်ကောင်စီသည် ရခိုင်ပြည်သူများကို ကာကွယ်စောင့်ရှောက်နေသည်ဟု ပြောနေသော်လည်း ပေါက်တောပြည်သူများအား လွှတ်ပေးခြင်းမရှိခြင်းနှင့် ပုဏ္ဏားကျွန်းမြို့မဈေးနည်းတူ မြို့နယ်အချို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုရှိသည်ကို ယနေ့အချိန်အထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
Western News-WN
https://www.facebook.com/westernnewsagency/posts/787707540035341