By Arakan Bay News / 2023 November 21
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် မင်းဇီချောင်းရွာတွင် စပါးရိတ်သိမ်းနေသည့် လယ်သမားများအား စကစ ရဟတ်ယာဥ် ၁ စီးမှ လက်နက်ငယ်စက်သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ ရဟတ်ယာဥ် ၁ စီးသည် ယနေ့ ၁၁ နာရီကျော်တွင် ပုဏ္ဏားဖက်မှ ကျောက်တော်ဖက်သို့ ပျံသန်းရာ မင်းဇီချောင်းရွာအနီးတွင် စပါးရိုက်သိမ်းနေကြသည့် လယ်သမားများအား ပစ်ခတ်သွားခဲ့သည် ဟု ဒေသခံတစ်ဦးက AB News သို့ပြောသည်။
” ၁၁ နာရီကျော်လောက်မှာပါ၊ ရဟတ်ယာဥ်က ရွာရဲ့အပေါ်ကနေပျံသန်းလာတယ်၊ စပါးရိတ်သိမ်းနေတဲ့ လယ်သမားတွေကို ၂ မိနစ်လောက်ပစ်ခတ်တယ်၊ လယ်သမားတွေလည်း ပြေးကြတော့ အထိအခိုက်မရှိသွားဘူး” ဟု ဆိုသည်။
စစ်ကောင်စီရေတပ်နေဗီသည် ကုလားတန်မြစ်မှတက်လာသည့်အတွက် ပစ်ခတ်သွားခြင်းဖြစ်နိုင် ကြောင်း အနီးအနားရှိ ရွာခံသားများပြောပြချက်အရသိရသည်။
လက်ရှိတွင် မင်းဇီချောင်းရွာခံသားများသည် စိုးရိမ်ထိတ်လန့်လျက်ရှိပြီး တစ်ခြားနေရာများသို့ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားနေကြကြောင်း AB News က စုံစမ်းသိရှိရသည်။
ရဟတ်ယာဥ်မှ ပစ်ခတ်သည့် လက်နက်ကျည်ကြောင့် စပါးရိတ်သိမ်းနေသော လယ်သမားများအားထိမှန်ခြင်းမရှိခဲ့သော်လည်း စပါးရိတ်သိမ်းရန်ပင် ကြောက်လန့်နေရကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီသည် ရက္ခိုင်ပြည်အနှံ့ ရှိရေတပ်နေဗီ မှ လက်နက်ငယ်၊ လက်နက်ကြီးများ ပစ်ခတ်နေခြင်းနှင့် ရဟတ်ယာဥ်များမှ စက်သေနတ်များဖြင့် ပစ်ခတ်လာသည်ကို တွေ့ရှိရသည်။
စစ်ကောင်စီက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြည်သူများအား ပစ်မှတ်ထား ပစ်ခတ်မှု ရှိလာသည့်အတွက် မြို့ပေါ်ရပ်ကွက်နေပြည်သူများမှာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်မှု များလာသည်ကိုတွေ့ရသည်။
#AB_News#ပုဏ္ဏားကျွန်း#ရဟတ်ယာဥ်ပေါ်မှပစ်ခတ်မှု
https://www.facebook.com/ArakanBayNewsMedia/posts/313958951490363