နယ်စပ်ဖြတ်ကျော်မှုကြောင့် တစ်ပတ်အတွင်း ဖမ်းဆီးခံရသည့် မွတ်ဆလင်ဒုက္ခသည် ၃၀ ခန့်ရှိ

By DMG / 2023 November         7

ရသေ့တောင်မြို့နယ်တွင် ဖမ်းဆီးခံရသည့် မွတ်ဆလင်ဒုက္ခသည်များအား ယခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်အတွင်းသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာမှုကြောင့် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၆ ရက်နေ့အထိ တစ်ပတ်အတွင်း ဖမ်းဆီးခံရသည့် မွတ်ဆလင်ဒုက္ခသည် ၂၇ ဦးရှိကြောင်း သိရသည်။ 

ထိုအထဲတွင် အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၁၃ ဦးပါဝင်ပြီး မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့နယ်တို့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ “ရခိုင်နေ့စဉ်”တွင် ဖော်ပြထားသည်။

မွတ်ဆလင်ဒုက္ခသည်များမှာ စခန်းတွင်း စားဝတ်နေရေးကျပ်တည်းမှု၊ ကျန်းမာရေး၊ ပညာရေး အခက်အခဲနှင့် အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် မိသားစုဘဝရှေ့ရေးအတွက် နယ်စပ်ဖြတ်ကျော်ကာ မြန်မာနိုင်ငံမှတစ်ဆင့် မလေးရှား၊ ထိုင်း စသည့် ပြည်ပနိုင်ငံများသို့ ထွက်ခွာနေကြခြင်းဖြစ်သည်။

“အခက်အခဲတွေက အများကြီးပဲ၊ ဘယ်သူမှ ဒီမှာမနေချင်ကြဘူး။ ဒီအခက်အခဲတွေကြောင့် တချို့က ရုန်းထွက်ကြတယ်” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင်ဒုက္ခသည်စခန်းမှ ဦးအောင်မြိုင်က ပြောသည်။ 

မွတ်ဆလင်ဒုက္ခသည်များမှာ အခက်အခဲအမျိုးမျိုးကြားမှ နယ်စပ်ဖြတ်ကျော်ကာ ပြည်ပနိုင်ငံများသို့ သွားရောက်ရာတွင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကိုခံရပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်မှု ပုဒ်မဖြင့် ထောင်ဒဏ်ချမှတ်ခံရခြင်းများ ရှိနေသည်။

ရခိုင်ပြည် မောင်တောဒေသတွင် ၂၀၁၇ ခုနှစ်က ရဲကင်းစခန်းများကို ARSA အဖွဲ့က တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် မွတ်ဆလင် (၇) သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ပြောဆိုထားသည်။ မြန်မာအာဏာပိုင်များက ၂၀၁၇ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် မွတ်ဆလင် ၅ သိန်းကျော်သာရှိကြောင်း ပြောထားသည်။

လက်ရှိတွင် စစ်ကောင်စီက မွတ်ဆလင်ဒုက္ခသည်များကို ပြန်လည်လက်ခံရေးဆောင်ရွက်နေပြီး ယခုလ အစောပိုင်းကလည်း ရခိုင်ပြည်နယ်စစ်ကောင်စီ လူမှုရေးဝန်ကြီးဦးစောနိုင် ဦးဆောင်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ကာ ဒုက္ခသည်များအပါအဝင် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များနှင့် ပြန်လည်လက်ခံရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

စစ်ကောင်စီက မွတ်ဆလင်ဒုက္ခသည်များကို ပြန်လက်ခံနိုင်ရေး ဆောင်ရွက်နေသော်လည်း တစ်ဖက်တွင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူများကို ဖမ်းဆီးထောင်ဒဏ်ချမှတ်မှုများ လုပ်ဆောင်လျက်ရှိသည်။

“အဓိကတော့ မွတ်ဆလင်တွေကို ပြည်မကို မရောက်စေချင်ဘူး။ ရခိုင်မှာပဲ ပိတ်လှောင် ဖမ်းဆီးမှုတွေလုပ်ဖို့ ခေတ်အဆက်ဆက် ပေါ်လစီတွေ ချမှတ်ထားကြတာ။ ပြန်လည်နေရာချထားရေး ဆိုတာကလည်း နိုင်ငံတကာနဲ့ OIC အဖွဲ့ဝင်တွေဆီမှာ မျက်နှာရချင်လို့ အပြုသဘောဆောင်နေပါတယ်ဆိုပြီး ဟန်ပြလုပ်ဆောင်နေတာပဲ ဖြစ်တယ်” ဟု ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ရှုမြင်သည်။ 

DMG က ရရှိထားသည့်စာရင်းများအရ ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ အထိ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုကြောင့် ဖမ်းဆီးခံရသည့် မွတ်ဆလင် စုစုပေါင်း ၁၈၂ ဦးအထိရှိနေသည်။

မွတ်ဆလင်ဒုက္ခသည်များ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ သေသေချာချာမဆောင်ရွက်နိုင်သ၍ ယခုကဲ့သို့ နယ်စပ်ဖြတ်ကျော်ကာ ပြည်ပနိုင်ငံများသို့ထွက်ခွာရန် နည်းမျိုးစုံဖြင့် ဆက်လက် ကြိုးပမ်းနေကြဦးမည်ဟု မွတ်ဆလင်အသိုင်းအဝိုင်းက ပြောဆိုထားသည်။ 

https://www.facebook.com/dmgnewsagency/posts/728845565955709

Leave a Reply

Your email address will not be published.