ထောင်ဝင်စာတွေ့ခွင့်မရသည့်ထဲ ရခိုင်ပြည်ဝန်ကြီးချုပ်ဟောင်း ဦးညီပုပါဝင်

By Western News / 2023 November     8

စစ်ကောင်စီမှ နိုင်ငံတွင်းရှိအကျဉ်းထောင်အသီးသီးတွင် ထောင်ဝင်စာတွေ့ခွင့်အား ခွင့်ပြုပေးလိုက်ပြီဖြစ်် သော်လည်း ပြည်နယ်၊ တိုင်းဝန်ကြီးများကိုမူ ထောင်ဝင်စာတွေ့ခွင့်ပိတ်ပင်ထားသေးပြီး ထိုအထဲတွင် ရခိုင်ပြည် ဝန်ကြီးချုပ်ဟောင်း ဦးညီပုလည်းအပါအဝင်ဖြစ်သည်။

ရခိုင်ပြည်ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့်ဦးညီပုမှာ အာဏာသိမ်းပြီးနောက်ပိုင်း တစ်ခြား NLD ဝန်ကြီးများနည်းတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၊ နိုင်ငံတော်ဆူပူ လှုံ့ဆော်မှုနှင့် မဲမသမာမှုစသည့် ပုဒ်မများဖြင့် တရားစွဲဆိုခံရကာ လက်ရှိ အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ကိုဗစ်ကာလအတွင်းက ကန့်သတ်ခဲ့သည့် အကျဉ်းထောင်အသီးသီး၏ ထောင်ဝင်စာတွေ့ခွင့်ကြောင့် ဝန်ကြီးချုပ်ဟောင်းဦးညီပုကိုလည်း ထောင်ဝင်စာတွေ့ခွင့်မရခဲ့ဘဲ လက်ရှိ စစ်ကောင်စီမှ ထောင်ဝင်စာတွေ့ခွင့်အား ခွင့်ပြုထားပြီးဖြစ်သော်လည်း ဝန်ကြီးဟောင်းအား ထောင်ဝင်စာ တွေ့ခွင့်မရသေးဟု ဦးညီပု၏ သမီးဖြစ်သူကပြောသည်။

“ထောင်ဝင်စာတွေ့ခွင့်မ‌ရသေးပါဘူး။ ဘာကြောင့်လည်းတော့ မသိဘူး” ဟုပြောသည်။

ထောင်ဝင်စာတွေ့ခွင့်မှာ မဖြစ်မနေခွင့်ပြုရမည့်အရာတစ်ခုဖြစ်ပြီး အကျဉ်းကျခံနေရသူများအနေဖြင့် မိသားစုနှင့် တွေ့ဆုံခြင်းကိုမည်သည့်အကြောင်းပြချက်နှင့်မှ တားဆီးထားခွင့်မရှိဟု ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင် သူများအဖွဲ့မှ ဒါရိုက်တာဦးမြတ်ထွန်းကပြောဆိုထားမှုရှိသည်။

ထောင်တွင်းအကျဉ်းကျခံနေရသည့် ဝန်ကြီးချုပ်ဟောင်း ဦးညီပုမှာ မျက်စိတိမ်စွဲသည့် ဝေဒနာကိုလည်း ခံစားနေရပြီး ဆေးကုသခွင့်အကြိမ်ကြိမ်တောင်းဆိုခဲ့ရာမှ လက်ရှိတွင် ဆေးကုသခွင့်ရရှိထားပြီဖြစ်သော်လည်း ၎င်း၏ ကျန်းမာရေးအခြေနေနှင့် ပတ်သက်၍မူမိသားစုဝင်များအနေဖြင့် သိမြင်ခွင့်မရဟု ဆိုသည်။

ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့်အတူ နောက်ထပ်ဖမ်းဆီးခံရသည့် ရခိုင်မှ ဝန်ကြီးဟောင်းများမှာ စီမံဘဏ္ဍာရေးဝန်ကြီးဦးကျော်အေးသိန်း၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး/ မွေးမြူရေးနှင့် သတ္တုတွင်းဝန်ကြီး ကျော်လွင်နှင့် စည်ပင်သာယာ‌ရေးဝန်ကြီး ဦးမင်းအောင် တို့ဖြစ်သည်။

ထိုသူများထဲမှ ဦးကျော်လွင်မှာ ပြီးခဲ့သည့်ရက်ပိုင်းကချုပ်ရက်စေ့၍ လွတ်မြောက်ခဲ့ပြီဖြစ်သော်လည်း ကျန်သူများမှာ စစ်တွေအကျဉ်းထောင်တွင် အကျဉ်းကျခံနေကြရဆဲဖြစ်သည်။

စစ်ကောင်စီအနေဖြင့် အကျဉ်းထောင်အသီးသီးထောင်ဝင်စာတွေ့ခွင့် ခွင့်ပြုချက်တွင် ဝန်ကြီးချုပ်များအပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထောင်ဝင်စာတွေ့ခွင့် ကန့်သတ်ထားဆဲဖြစ်ပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုမူ မိသားစုဝင်များနှင့်ထောင်ဝင်စာတွေ့ခွင့် ခွင့်ပြုမှုရှိခဲ့သည်။

ထိုကဲ့သို့ ကန့်သတ်ချက်များရှိနေသည့် စစ်ကောင်စီ၏ ထောင်ဝင်စာတွေ့ခွင့်အပေါ် ယခင် ALD ပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးမျိုးကျော်က စစ်ရေးဖက်တွင် အကျပ်အတည်းဖြင့် ကြုံနေရသည့် စစ်ကောင်စီအနေဖြင့် နိုင်ငံရေးဖက်တွင် အနည်းငယ်အလျော့ပေးသည့် ပုံစံသာဖြစ်ကြောင်းဆိုသည်။

“လက်ရှိနိုင်ငံရေးအနေအထားအရ တစ်ဖက်မှာလည်း စစ်ရေးကတင်းမာနေတယ်။ စစ်ကောင်စီအနေနဲ့ အကျဉ်းအကျပ်တွင်းကျနေတဲ့ အခြေနေမျိုးဖြစ်နေတော့ နိုင်ငံရေးဖက်မှာ လျော့ပေးပြီး အခွင့်လမ်းလေးပေးလိုက်တာမျိုး ဖြစ်တယ်။ ဒါကြောင့် တစ်ချို့ကန့်သတ်ချက်တွေရှိနေတာ” ဟု ဦးမျိုးကျော် က ပြောသည်။

စစ်ကောင်စီအနေဖြင့် ထောင်ဝင်စာတွေ့ခွင့်အား တရားဝင်ခွင့်ပြုထားသော်လည်း ထောင်ဝင်စာလာတွေ့သူများ အား မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုစာရင်းမူရင်း၊ ရပ်ကွက်ထောက်ခံစာ၊ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးကြောင်းအထောက်အထား စသည်တို့ပါရှိရမည်ဟု ထုတ်ပြန်ထားပြီး တွေ့ခွင့်ကိုလည်း တစ်လ တစ်ကြိမ်သာ ခွင့်ပြုထားမှုရှိသည်။

https://www.facebook.com/westernnewsagency/posts/777977731008322

Leave a Reply

Your email address will not be published.