တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီးသို့ ရသေ့တောင်အခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

 By Narinjara / 2023 November 13

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အနောက်တောင်ပိုင်း မယူကမ်းရှိ တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒုံးပိုက်နှင့် ချိန်ခါလီကျေးရွာအနီးကို ရသေ့တောင်အခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရသည်ဟု သတင်းရရှိသည်။

လက်ရှိတွင် ရသေ့တောင်မြို့ရှိ  စစ်ကောင်စီ တပ်ရင်း (၅၃၆) တပ်မှ  တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒုံးပိုက်နှင့် ချိန်ခါလီကျေးရွာအနီးကို လက်နက်ကြီးများဖြင့် နဲနက် ၆ နာရီကျော်ခန့်ကစတင်ပြီး ပစ်ခတ်နေခြင်း ဖြစ်သည်။

“လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ အခုလည်းပစ်နေတယ်။ အကြိမ် ၁၀ ကျော်ပြီ။ မနက်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာအနီးဝန်းကျင်ကို လှမ်းပစ်နေတာ။ ဒေသခံတွေလည်း ထွက်ပြေး လာနေကြရပါတယ်” ဟု ဒုံးပိုက်ကျေးရွာသားတစ်ဦးက ပြောသည်။

လက်နက်ကြီးပစ်ခတ်၍ ချိန်ခါလီ၊ ဒုံးပိုက်စသည့်ကျေးရွာများမှ ဒေသခံပြည်သူများမှာ မယူတောင် အနီးရှိ  အောင်ဗလ၊ ဆင်ပိုက်၊ ပေါက်တောပြင်စသည့် ကျေးရွာများဘက်သို့ ထွက်ပြေးလာနေကြပြီး ထွက်ပြေးလာသည့် လူဦးရေစာရင်းအတိအကျနှင့် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ်ကို အတိအကျမသိရသေးဟု ဆိုသည်။

“လူတွေကတော့ ထွက်ပြေးလာနေကြတယ်။ ဘယ်လောက်ရှိလည်း ဆိုတာ မသိရသေးဘူး။ ထိခိုက်ဒဏ်ရာရရှိမှုတွေလည်း မသိရသေးဘူး။ ဒီဘက်ကိုရောက်မှ အသေးစိတ်ကို သိရမယ်။ လက်နက်ကြီးတွေက ဆက်ပြီး လှမ်းပစ်နေသေးတယ်” ဟု ဆင်ပိုက်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ယနေ့နိုဝင်ဘာလ ၁၃ရက်၊ နံနက် ၅ နာရီက ဒုံးပိုက်နှင့် ချိန်ခါလီ နယ်ခြားစောင့် စခန်းများကို ရက္ခိုင့်တပ်တော် (AA) က စတင်ဝင်ရောက်တိုက်ခိုက်ပြီး တစ်နာရီကျော်ခန့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့ကြကာ ဒုံးပိုက်စခန်းကို ရက္ခိုင့်တပ်တော် (AA)က ပွဲဦးထွက် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/739507874883011

Leave a Reply

Your email address will not be published.