By Narinjara / 2023 November 9

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက် အကွက် (၄)မှ အမျိုးသား ၄ ဦးကို ရဲတပ်ဖွဲ့ပါဝင်သော အဖွဲ့ပေါင်းစုံက ပြီးခဲ့သည့်ညဥ့်အချိန်တွင် ဖမ်းဆီးသွားသည်ဟု ၎င်းနေရာအနီးအနားမှ ဆိုင်ရှင်တစ်ဦးက ပြောသည်။
“သူတို့က နည်းနည်းပါးပါးသောက်စားပြီး ဂစ်တာလည်း တီးနေကြတယ်။ ဆိုင်ကယ်နဲ့ရဲတွေက ကင်းလှည့်ကြတယ်ထင်တယ်။ အဲ့အချိန် အပြန်အလှန် စကားပြောသံတွေတော့ ကြားလိုက်တယ်။ ပြီးရင် ဆိုင်ကယ်ပေါ်တက်ဆိုပြီး ခေါ်သွားတယ်”ဟု ပြောသည်။
ဖမ်းဆီးခံရသူများမှာ ဦးသာထွန်းစံ၏သား ကိုမောင်သိန်းနိုင် (၃၃)နှစ်ခန့်၊ ဦးထွန်းဝေ၏သား ကိုအောင်ကိုကို (၃၀)နှစ်ကျော်၊ ဦးမောင်အေးသာ၏သား ကိုဆင်ချေ (၂၀)နှစ်ကျော်၊ ဦးမောင်အေးကြည်၏သား ကိုအောင်မိုးကြည် (၂၈)နှစ်ခန့်တို့ ဖြစ်ကြသည်။
သူတို့ကို ယနေ့ နိုဝင်ဘာလ ၉ ရက်၊ ညဥ့် ၃ နာရီခန့်က ဆင်ကူးလမ်း အကွက် (၄)ရပ်ကွက် ဈေးဟောင်း (ဒေသအခေါ် စျေးချေ)အနီးမှ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် စစ်တွေမြို့၊ အမှတ် (၂) ရဲစခန်း၌ ထိန်းသိမ်းထားပြီး မိသားစုဝင်များက ရဲစခန်းသို့ လိုက်ပါသွားကြသည်ဟု ဒေသခံများက ပြောသည်။
လမ်းတွင် အချိန်မတော်ရှိနေ၍ဖမ်းဆီးခြင်းဖြစ်သည်ဟု ရဲက ပြောကြောင်းလည်း ရဲစခန်းသို့သွားရောက်ခဲ့သည့် မိသားစုဝင်များက ပြောသည်။
ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးက “ရဲစခန်းကိုသွားတော့ ၁ သိန်းခွဲပေးရင် လွှတ်ပေးမယ်လို့ ပြောတယ်။ မဟုတ်ရင် ထောင် ၆ လချမယ်တဲ့”ဟု နိရဥ္စရာကို ပြောသည်။
ဖမ်းဆီးခံရသူများမှာ တစ်နေ့လုပ်တစ်နေ့စားနေရသည့် နွမ်းပါးသူများဖြစ်သည့် အတွက် ကျပ် ၁သိန်းခွဲပေးရန်မှာအခက်အခဲရှိနေကြကြောင်းလည်း သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့၊ အမှတ် (၂) ရဲစခန်းကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။ (NN -13)
https://www.facebook.com/narinjara.info/posts/737369905096808