စစ်တွေမြို့ ပြည်နယ် စစ်ကောင်စီ ရုံးချုပ်တွင် ရဲ၊ စစ်တပ် လုံခြုံရေး အများအပြားချထား

By Western News / 2023 November     13

ပုံစာ- စစ်တွေမြို့ ပြည်နယ် စစ်ကောင်စီ ရုံးချုပ် ရှေ့အား တွေ့ရစဉ်

ရခိုင်ပြည် စစ်တွေမြို့ရှိ ပြည်နယ်စစ်ကောင်စီ ရုံးချုပ် (ပြည်နယ်အစိုးရအဖွဲ့ရုံး) နှင့် အနီးအနားတွင် ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းကစ၍ ရဲနှင့် စစ်တပ် လုံခြုံရေးအများအပြား နေရာယူထားကြောင်း မျက်မြင် ဒေသခံများက ပြောသည်။

ရုံးခြံဝန်းနှင့် ကပ်လျှက်ရှိသည့် ပြည်သူ့ဝန်ဆောင်မှုရုံးခြံဝန်းတွင် ရဲနှင့် စစ်တပ် အမြောက်အများ နေရာယူထားကြောင်း လမ်းသွားလမ်းလာ သူများကိုလည်း စစ်ဆေးမေးမြန်းမှုအချို့ ရှိနေကြာင်း မျက်မြင် တစ်ဦးက ပြောသည်။

“ပြည်နယ်အစိုးရရုံးကို အရင်ကထက် လုံခြုံရေးတိုးမြှင့်ထားတာ တွေ့ရပါတယ်။ ကပ်လျှက်ရှိတဲ့ ပြည်သူ့ဝန်ဆောင်မှုရုံး OSS ရုံးခြံဝန်းမှာလည်း တဲအိမ်တွေဆောက်ပြီး ရဲနှင့် စစ်သား ၃၀ ဦးထက် မနည်း လက်နက်တွေ အပြည့်အစုံနဲ့ နေရာယူထားတာ တွေ့ခဲ့ရပါတယ်။ အရင်က ဒီလိုမရှိဘူး။ ဒီနေ့ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီက ကြိုတင်ပြင်ဆင်ထားတာနေမှာပါ ” ဟု ပြောသည်။

ထို့အပြင် စစ်တွေလမ်းမကြီးနှင့် မေယုလမ်းတစ်လျှောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာများကိုလည်း မျက်ခြေမပြတ်စောင့်ကြည့်နေပြီး လက်နက်များဖြင့် ချိန်ထားကြောင်း နောက်ထပ် မျက်မြင်တစ်ဦးက ပြောသည်။

“အဓိကတော့ ရဲတပ်ဖွဲ့ဝင်တွေက ရှေ့က နေရာယူထားပါတယ်။ နောက်က စစ်သားတွေပေါ့။ လက်နက်တွေ အပြည့်နဲ့ လမ်းသွားလမ်းလာတွေကို ချိန်ထားတာ။ ပြီးတော့ ပြည်သူတွေကို မသင်္ကာတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတယ်။ OSS ရုံးနားက ဖြတ်သွားဖို့တောင် ကြောက်ဖို့ကောင်းတယ်။ ကြည့်လိုက်ရင် ပစ်ခတ်တော့မယ့်အတိုင်းပဲ” ဟု ပြောသည်။

ယနေ့ ညနေ ၃ နာရီကျော်ကလည်း စစ်တွေမြို့အတွင်း ယခင်က မရှိခဲ့သည့် လက်နက်စုံတင်ပြီး သံချပ်ကာကားများဖြင့် လှည့်လည်ကာ လုံခြုံရေးယူသည်ဟု အကြောင်းပြ၍ ပြည်သူများ စိုးရိမ်ထိလန့်မှုဖြစ်စေရန် စစ်ရေးလှုပ်ရှားမှုများ ရှိခဲ့သည်ဟု မျက်မြင်ဒေသခံများက ပြောဆိုကြသည်။

ယင်းအပြင် ရဲကား ၃ စီးထက်မနည်းလည်း စစ်တွေမြို့တစ်မြို့လုံးကို လှည့်လည်နေပြီး ကင်းလှည့်အကြောင်းပြ၍ မသင်္ကာသော လူငယ်များကိုလည်း ဖမ်းဆီးနေကြောင်း သိရသည်။

Western News မှ စုံစမ်းချက်အရ အသက် ၁၇ နှစ်မှ အသက် ၆၀ အရွယ် ဒေသခံ ၃ ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး င/စိုင်းရိုင်းချောင်းကျောက်တိုက်သို့ ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဟု စုံစမ်းသိရရှိ ရသည်။

ယနေ့ နံနက်က ရသေ့တောင်နှင့် မင်းပြားမြို့နယ်တို့က စစ်ကောင်စီနှင့် AA တို့တိုက်ပွဲကြောင်း ပြည်သူတစ်ရပ်လုံး စိုးရိမ်ထိလန့်နေကြပြီး စစ်ကောင်စီမှ AA ဟု မတရားစွပ်စွဲကာ ဒေသခံပြည်သူများအား အတင်းအဓမ္မ ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့နေကြသည်။

စစ်ကောင်စီနှင့် AA တို့ ရခိုင်ပြည်အတွင်း တိုက်ပွဲဖြစ်ပွားသည်ကို AA ပြောခွင့်ရ ဦးခိုင်သုခက အတည်ပြုထားကြောင်းနှင့် စစ်ကောင်စီ တပ်စခန်းတချို့နှင့် စစ်ကောင်စီ အရာရှိတပ်ဖွဲ့ဝင်အချို့ကို ဖမ်းဆီးရမိထားကြောင်း မီဒီယာများသို့ ပြောဆိုထားသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/781000127372749

Leave a Reply

Your email address will not be published.