စစ်တွေပြည်သူ့ဆေးရုံတွင် ဆေးထိုးအပ်များ လုံလောက်မှုမရှိဟု သိရ

By Western News / 2023 November     6

ရခိုင်ပြည် စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးထိုးအပ်များ လုံလောက်မှုမရှိခြင်းကြောင့် လူနာများထံမှ ဆေးထိုးအပ်များ တောင်းခံနေရကြောင်း ဆေးရုံဝန်ထမ်းများထံမှ သိရသည်။

ဆေးထိုးအပ်များ လုံလောက်မှုမရှိသည်မှာ လနှင့်ချီကြာမြင့်နေပြီဖြစ်ကြောင်းနှင့် လူနာများအား ဆေးထိုးအပ်များကို ပြင်ပမှဝယ်ယူခိုင်းနေရသည်ဟု အမည်မဖော်လိုသည့် ဆေးရုံဝန်ထမ်းတစ်ဦးက ပြောသည်။

“ဆေးထိုးအပ် မလုံလောက်တာက လနဲ့ချီကြာနေပါပြီ။ ၆ လလောက်တောင် ရှိနေပြီထင်တယ်။ လူနာတိုင်းဆီက ဆေးထိုးအပ်ကို တောင်းခံနေရတယ်။ လူနာတွေက အပြင်က ဝယ်ယူလာရတယ်။ ဆေးထိုးအပ် မလုံလောက်တာက လူနာတွေ အရမ်းများလို့တော့ မဟုတ်ပါဘူး။ ဆေးရုံမှာကိုတောင်မှ ပြတ်လပ်နေတာပါ။ ဘာကြောင့်လဲဆိုတာကိုတော့ တာဝန်ရှိသူတွေကို မေးရပါမယ်” ဟု ပြောသည်။

လူနာ၏ ဒဏ်ရာများအပေါ် မူတည်ပြီး ဆေးထိုးအပ် အရေအတွက် အနည်းအများ လူနာတိုင်းက ဝယ်ပေးရကြောင်း ကျောက်တော်မြို့နယ်မှ လာရောက်ဆေးကုသနေသည့် လူနာစောင့်အမျိုးသမီးတစ်ဦးက ပြောသည်။

“စစ်တွေဆေးရုံရောက်တာ ကျမတို့က နှစ်ပတ်နီးပါးလောက်ရှိနေပါပြီ။ သောက်ဆေးတွေ၊ ထိုးဆေးတွေလည်းမဟုတ်ဘူး။ ဆေးထိုးအပ်တွေ ဝယ်ခိုင်းပါတယ်။ သိပ်များများကုန်တာတော့ မဟုတ်ပါဘူး။ တစ်ခါတည်း ဝယ်ခိုင်းတာပါ။ ကျပ် ငါးထောင်ဖိုး လောက်ပါပဲ။ ဒါပေမယ့် အစိုးရဆေးရုံမှာ ဆေးထိုးအပ်ကတော့ လုံလုံလောက်လောက်ရှိသင့်တာပေါ့နော်” ဟု ပြောသည်။

ပြည်သူ့ဆေးရုံးများအားလုံးသည် နိုင်ငံတော်ဘတ်ဂျက်ငွေဖြင့် လည်ပတ်နေခြင်းဖြစ်ပြီး ပြည်သူများအား အခမဲ့ဆေးကုသနိုင်ရန် စီစဉ်ပေးရမည်မှာ အစိုးရအကြီးအကဲများတွင် တာဝန်ရှိသည်ဟု မြောက်ဦးမြို့နယ်မှ လာရောက်ကုသနေသူ လူနာတစ်ဦးက ထောက်ပြသည်။

ဆေးရုံကြီးတွင် ဆေးထိုးအပ်များကို လူနာများအား ဝယ်ယူခိုင်းသည်မှာ ကုန်သွားသော ဆေးထိုးအပ်နေရာတွင် အစားထိုးပြန်လည်ဖြည့်တင်းနိုင်ရန် တာဝန်ကျသနာပြုများမှ လုပ်ဆောင်ရသည်ဟု ပြင်ပဆေးဆိုင်တစ်ခုက ပြောသည်။

“သူနာပြုတွေက လူနာတွေဆီကနေ ဆေးထိုးအပ်တွေ ပြင်ပဆေးဆိုင်က ဝယ်ခိုင်းတာဟာ ကုန်သွားတဲ့ ဆေးထိုးအပ်တွေကို အစားပြန်ထိုးဖို့ပါ။ လူနာတစ်ယောက်က ဆေးထိုးအပ် ၁၀ ချောင်းလောက် အသုံးပြုလိုက်ရတယ်ဆိုရင် သူတွေပြုက အဲဒီအရေအတွက်ကို လူနာတွေက ဝယ်ခိုင်းပါတယ်။ လူနာတွေ သုံးသလောက် ပြန်ဝယ်ပေးရတာပေါ့။ ဆေးရုံမှာ ဆေးထိုးအပ် မလုံလောက်တော့လို့ အခု လုပ်ကြတယ်ထင်ပါတယ်” ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အကြောင်းအရင်း အသေးစိတ်ကို သိရှိနိုင်ရန် စစ်တွေပြည်သူ့ဆေးရုံးအုပ်ရုံးခန်းသို့ သွားရောက်ခဲ့သော်လည်း သူနာပြုအချို့နှင့် ဆေးရုံတာဝန်ရှိသူများက ဝင်ခွင့်မပေးပေ။

ယင်းအပြင် သတင်းထုတ်ပြန်ရေးကို ကန့်သတ်ထားသော ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းနှင့် စီမံကိန်းဝန်ကြီး ဦးသန်းထွန်းအား ဖုန်းဆက်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

လက်ရှိ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ လာရောက်ကြသည့် လူနာများမှာ ဆိုင်ကယ်/ကား အက်ဆီးဒင်းဖြစ်ပွားကြသူများ၊ အိမ်တွင်းအကြမ်းဖက်ခံရမှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိကြသည့် အမျိုးသမီးများနှင့် နာတာရှည်ရောဂါသည်တို့မှာ အများဆုံးလာရောက်ကုသကြောင်း ဆေးရုံဝန်ထမ်းများက ဆိုသည်။

ယခုနှစ်လအတွင်း လာရောက်သည့် လူနာအများဆုံးမှာ ဆိုင်ကယ်၊ ကား ယာဉ်မတော်တစ်ဖြစ်ပွား၍ ထိခိုက်ဒဏ်ရာရသူများနှင့် ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်၊ ကား ယာဉ်တိုက်မှုကြောင့် လာရောက်ကုသကြသည့် လူနာများမှာ စစ်တွေမြို့နယ် အများဆုံးဖြစ်ကြောင်း ဆေးရုံဝန်ထမ်းများနှင့် လူနာရှင်များ၏ ပြောဆိုချက်အရ သိရသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/776728734466555

Leave a Reply

Your email address will not be published.