စစ်တွေတွင် အရပ်ဘက် အဖွဲ့အစည်းများကို စစ်ကောင်စီက စတင်စစ်ဆေး

By Western News / 2023 November     4

ပုံစာ- ရခိုင်ပြည်၊ စစ်တွေမြို့ ရခိုင်ပြည်နယ် တရားလွှတ်တော်အနီးတွင်  စစ်ကောင်စီ ရဲတပ်ဖွဲ့များအား တွေ့ရစဉ်။

ရခိုင်ပြည် စစ်တွေမြို့က အရပ်ဘက်အဖွဲ့အစည်း CSO များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို စစ်ဆေးရှာဖွေမှုများ ပြုလုပ်မည်ဟု စစ်ကောင်စီက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သတိပေးခဲ့ပြီးနောက် ယမန်နေ့ နိုဝင်ဘာလ ၃ ရက်နေ့က စတင်ပြီး စုံစမ်းရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့က မြောက်စံပြရပ်ကွက်ရှိ လူမှုရေးလုပ်ငန်းဆောင်ရွက်နေသော အရပ်ဘက်အဖွဲ့အစည်းတစ်ခုကို စစ်ဆေးနိုင်ရန် စစ်ကောင်စီ၏ ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် တာဝန်ရှိသူများက လာရောက်မေးမြန်းခဲ့ကြောင်း အမည်မဖော်လိုသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။

“မနေ့က ကျနော်တို့ ရုံးကို လာခဲ့ပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးပါတယ်။ ထွေ/အုပ်ကပါတယ်။ အရပ်ဝတ်နဲ့ ရဲလည်းပါတယ်။ နောက် ထောက်လှမ်းရေးတွေလား ဘာလားတော့မသိဘူး လူ ၅ ယောက်လောက် ပါတယ်။ အဖွဲ့ရဲ့ တာဝန်ရှိသူ မရှိဘူးလားမေးတယ်။ ခေါ်ပေးပါလို့ ပြောတယ်။ ကျနော်တို့ကလည်း မရှိဘူး ပြန်ပြောလိုက်တယ်။ အဲဒီတော့ စစ်ကောင်စီဘက်က သူတွေက ရုံးထဲသို့ မဝင်ခဲ့ဘူး။ ပြန်ကြားသွားတယ်။ ဘာကြောင့် လာတယ်ဆိုတာကို အသေးစိတ် ပြောပြမသွားဘူး” ဟု ပြောသည်။

မြောက်စံပြရပ်ကွက်က မည်သည့် အဖွဲ့အစည်းရုံးအား စစ်ကောင်စီက လာရောက် မေးမြန်းခဲ့သည်ကို Western News အနေဖြင့် သိရှိထားသော်လည်း ယင်းအဖွဲ့၏ လုံခြုံရေးအခြေအနေအရ ထုတ်ဖော်နိုင်ခြင်းမရှိသေးပေ။

ထိုအဖွဲ့မှာ အတတ်ပညာ၊ အသိပညာနှင့် လူမှုသဟဇာတဖြစ်ရေးကို ကူညီထောက်ပံ့ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

စစ်ကောင်စီသည် ရခိုင်ပြည်အတွင်း လူမှုရေးလုပ်ငန်းဆောင်ရွက်နေကြသော အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများကို အသင်းအဖွဲ့မှတ်ပုံဥပဒေနှင့် ကိုက်ညီမှုရှိမရှိနှင့် သက်ဆိုင်ရာဌာနအသီးသီး၏ ခွင့်ပြုချက်များဖြင့် လုပ်ကိုင်နေကြသော အဖွဲ့အစည်း ဟုတ်မဟုတ်တို့ကို စစ်ဆေးမေးမြန်းမည်ဟုလည်း Western News မှ ကနဦး သိရှိထားသည်။

ယင်းအပြင် အရပ်ဘက်အဖွဲ့အစည်းများ၏ ဝင်ငွေ၊ ထွက်ငွေများ အပါအဝင် အသုံးစရိုက်များနှင့် ပိုင်ဆိုင်မှုအခြေအနေများအပြင် လက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ဆက်စပ်မှုရှိ မရှိတို့ကို စစ်ဆေးမေးမြန်းမည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက ပြည်နယ်စစ်ကောင်စီအဖွဲ့အတွင်း သတင်းဖြန့်ထားကြောင်း သိရသည်။

ယမန်နေ့မှာပင် နောက်ထပ်လည်း ပြည်တော်သာရပ်ကွက်တွင် ရုံးစိုက်ထားသော အမျိုးသမီးအရပ်ဘက်အဖွဲ့အစည်းတစ်ခုကို စစ်ကောင်စီလက်အောက်ခံများက မေးမြန်းမှုပြုလုပ်ခဲ့ကြောင်း အနီးအနား ဒေသခံများက ပြောဆိုကြသည်။

မျက်မြင်တစ်ဦးက “အရပ်ဝတ်တွေနဲ့ လာတာတွေ့လိုက်တယ်။ ရုံးက ဝန်ထမ်းတွေ မဟုတ်တာ သေချာတယ်။ ရုံးက ပိတ်ထားတော့ ဘာမှတော့ တစ်စုံတစ်ရာ မလုပ်ခဲ့ကြဘူး” ဟု ပြောသည်။

ပြည်နယ်စစ်ကောင်စီ၏ အပြုသဘောမဆောင်သော ပြုမူဆက်ဆံမှုများကြောင့် ရခိုင်က အရပ်ဘက်အဖွဲ့ အစည်းများမှာ အထူးစိုးရိမ်နေကြပြီး အကြောင်းအမျိုးမျိုးပြကာ အဖွဲ့အစည်းအားထိခိုက်စေရန် လုပ်ဆောင်လာမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

စစ်တွေအခြေစိုက် အရပ်ဘက်အဖွဲ့တစ်ခုက “ကျနော်တို့က တရားမဝင်တဲ့ အလုပ်တွေကို လုပ်နေကြတာလည်မဟုတ်ဘူး။ ပရဟိတ အလုပ်ကို လုပ်နေကြတာ။ ပြည်သူ့အကျိုးကို တတ်နိုင်တဲ့ဘက်က ကူညီနေကြတဲ့ အဖွဲ့တွေပါ။ စစ်ကောင်စီက ရဲတပ်ဖွဲ့ဝင်တွေကို ခေါ်ပြီး ရုံးအထိ လာရောက် တရားခံလိုမျိုး စစ်ဆေးတာက လုံးဝ လုပ်သင့်တဲ့ လုပ်ရပ်မဟုတ်ဘူး။ ကျနော်တို့ လူမှုအဖွဲ့တွေကလည်း ဒေသအကျိုး ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်နေတာ အစိုးရက အပြုသဘောဆောင်ကာ ပူးပေါင်းဆောင်ရွက်ဖို့ကိုပဲ စည်းရုံးသင့်တာ။ အခုက ခြိမ်းခြောက်နေတာနဲ့ တူပါတယ်” ဟု ပြောသည်။

စစ်ကောင်စီ ပြောင်းလဲရေးဆွဲထားသည့် အသင်းအဖွဲ့မှတ်ပုံဥပဒေအရ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှာ ဖြည့်ဆည်းဆောင်ရွက်ရန် အခက်အခဲရှိနေကြခြင်းနှင့် ဥပဒေအရ မှတ်ပုံတင်ကြသည့် အရပ်ဘက်အဖွဲ့ အစည်းများမှာ မှတ်ပုံတင်ပြီး တစ်ပတ်အတွင်း ယာယီမှတ်ပုံအား သက်ဆိုင်ရာဌာနမှ ထုတ်ပေးရမည်ဖြစ်သော်လည်း စစ်ကောင်စီမှာ ထုတ်မပေးဘဲ စစ်ဆေးမေးမြန်းမှုများကို အထပ်ထပ်အခါခါ ပြုလုပ်နေကြောင်း အသင်းအဖွဲ့မှတ်ပုံတင်ရရှိရေး ဆောင်ရွက်နေကြသော ရခိုင်က အရပ်ဘက်အဖွဲ့ အစည်းများက ပြောသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/775745501231545

Leave a Reply

Your email address will not be published.