(စစ်တွေတက္ကသိုလ်အစီအစဉ်တွင် ကျောင်သားများ အပြည့်အဝ ပြန်ခွင့်မရကြ)
By Western News / 2023 November 19

ရခိုင်ပြည် စစ်တွေတက္ကသိုလ်တွင် စာမေးပွဲဖြေဆိုပြီးသည့် ၂၀၂၃ အဝေးသင် နောက်ဆုံးအသုတ် တက္ကသိုလ် ကျောင်းသား ၆၀၀၀ ထဲက ၁၅၀၀ ကျော်မှာ ယနေ့ နိုဝင်ဘာ ၁၉ ရက်တွင် နေရပ် ပြန်ခွင့်ရသော်လည်း ကျောင်းသား ၄၀၀၀ ကျော်မှာ နေရပ်ပြန်ခွင့်မရသေးဘဲ ကျန်ရှိနေသေးကြောင်း စုံစမ်းသိရသည်။
စစ်တွေတက္ကသိုလ် အစီအစဉ်မှာ နိုဝင်ဘာ ၁၉ ရက်မှ ၂၁ ရက်အတွင်း ရေလမ်းကြောင်း၊ ကားလမ်းကြောင်းများဖြင့် စီစဉ်ပေးထားသော်လည်း ပြန်မည့် ကျောင်းသားဦးရေများပြားလွန်းသည့် အတွက် လုံလောက်မှုမရှိကြောင်း ကျောင်းသားတစ်ဦးက Western News က ပြောသည်။
“တက္ကသိုလ်က စီစဉ်၏ပေးတာက ကျောင်းသားအားလုံးအတွက် ကားဆယ် ၁၀ စီး၊ ရေလမ်းအတွက် ရွှေပြည်တန် တစ်ရက်မှာ နှစ်စီး။ ကျောက်ဖြူဘက်ကို တစ်စီးနဲ့ ဘူးသီးတောင်ဘက်ကို တစ်စီး။ အဲဒီတော့ ဒီလောက်နဲ့ ကျောင်းသား ၆၀၀၀ အတွက် ဘယ်လိုလုံလောက်မှာလဲ။ လက်မှတ်မရကြတဲ့ ကျောင်းသား ၄၀၀၀ ကျော်လောက် ကျန်နေသေးတယ်။ ” ဟု ပြောသည်။
လက်မှတ်မရဘဲ ကျန်နေသေးသည့် ကျောင်းသား ၄၀၀၀ ကျော်မှာ မိမိအစီအစဉ်ဖြင့် သွားနိုင်ကြောင်း ပြောသော်လည်း တက္ကသိုလ်က ထောက်ခံစာ ယူရမည်ဟု သိရသည်။
ကျောင်းသားများက ၎င်းတို့ကိုယ်တိုင် စီစဉ်ရန်အတွက် အခက်အခဲဖြစ်နေကြကြောင်း နောက်ထပ် ကျောင်သူတစ်ဦးက ပြောသည်။
“ရေလမ်းရော၊ ကားလမ်းရော လက်မှတ်မရတဲ့ ကျောင်းသားတွေဟာ ကိုယ့်အစီအစဉ်နဲ့ ကားဖြစ်ဖြစ် အမြန်ရေယာဉ်ပဲဖြစ်ဖြစ် ငှားရမ်းပြီး သွားနိုင်တယ်။ စုပြီးသွားရမယ်။ စုပြီးသွားကြမယ့် ကျောင်းသားတွေဟာ နာမည်စာရင်းတွေနဲ့ ကားဆိုရင် ကားနံပါတ်၊ ယာဉ်မောင်း ကိုယ်ရေးအချက်အလက်နဲ့ တက္ကသိုလ်မှာ ထောက်ခံစာ ယူရမယ်။ ရေလမ်းက သွားမယ်ဆိုရင်လည်း ဒီလိုပဲ ထောက်ခံစာ ယူရမယ်။ ဒါမှ သွားခွင့်ရမယ်။ မဟုတ်ရင် လမ်းမှာ အစစ်အဆေးက သွားခွင့်ပြုမှာ မဟုတ်ဘူး” ဟု ပြောသည်။
ထိုကြောင့် ကျန်နေသေးသည့် ကျောင်းသားများမှာ နေရပ်တူ၊ လမ်းကြောင်းတူများကို စုစည်းပြီး မိမိအစဉ်အစဉ်ဖြင့် ရေယာဉ်များ၊ ကားများ ငှားရမ်းကာ စစ်တွေတက္ကသိုလ် အဝေးသင်ဌာနတွင် ထောက်ခံစာများ ယူဆောင်နေကြကြောင်း သိရသည်။
ယနေ့ နေရပ်ပြန်သွားကြသည့် ကျောင်းသားများမှာလည်း ရေလမ်းရော၊ ကုန်းလမ်းမှာရော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ စစ်ဆေးရေးဂိတ်များ၏ စစ်ဆေးမေးမြန်းမှုများကို ခံကြရကြောင်း သိရသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/784432867029475