စစ်တွေတက္ကသိုလ်တွင် အာစရိယပူဇော်ပွဲအတွက် ငွေကောက်ခံခြင်းမှာ အတင်းအဓမ္မ ငွေညှစ်နည်းဖြစ်နေ

ငွေအားမထည့်ပါက ကျောင်းသားကဒ် ထုတ်မပေးဟု သိရ

By Western News / 2023 November     6

ရခိုင်ပြည် စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်တွင် အထူးပြုဘာသာအလိုက် အာစရိယပူဇော်ပွဲအတွက် အလှူငွေ ကောက်ခံနေခြင်းမှာ အတင်းအဓမ္မငွေညစ်နေခြင်းနှင့် တူနေသည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂစစ်တွေမှ ထုတ်ပြန်လာသည်။

စစ်တွေတက္ကသိုလ်တွင် လက်ရှိအဝေးသင်တက်ရောက်နေကြသည့် ကျောင်းသား/သူများမှာ စာမေးပွဲမစစ်မီ အာစရိယပူဇော်ပွဲများကျင်းပလေ့ရှိကြပြီး အဆိုပါပူဇော်ပွဲ အတွက် ကျောင်းသားများထံမှ ငွေကြေး ကောက်ယူရာတွင် မဖြစ်မနေ ထည့်ဝင်ရမည့်နည်းဖြင့် ကောက်ယူကြခြင်းဖြစ်သည်။

အဝေးသင်ကျောင်းသား ကျောင်းသူများ၏ အာစရိယပူဇော်ကန်တော့ခြင်းနှင့် ပျော်ပွဲရွှင်ပွဲကျင်းပရန် ရန်ပုံငွေကောက်ခံသည့်ကိစ္စနှင့်ပတ်သတ်၍ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ကျောင်းသားများသမဂ္ဂ (စစ်တွေတက္ကသိုလ်) က နိုဝင်ဘာလ ၆ ရက်ဖြင့် သဘောထားထုတ်ပြန်ချက် တစ်စောင့် ထုတ်ပြန်လိုက်သည်။

အာစရိယပူဇော်ပွဲအတွက် ကျောင်းသားများထံမှ ကောက်ခံမှုမှာ မထည့်မနေရကောက်ခံသည့်အပြင် ကောက်ခံသည့် ငွေအားမထည့်ပါက ကျောင်းသားကဒ်အား ထုတ်မပေးခြင်း စသည့်လုပ်ရပ်မျာလည်း လုပ်ဆောင်နေသည်ကို တွေ့ရပြီး ထိုလုပ်ရပ်ကို အတင်းအဓမ္မငွေညှစ်သည့် လုပ်ရပ်အဖြစ်သတ်မှတ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားသည်။

ထိုအချက်နှင့် ပတ်သက်၍ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ စစ်တွေမှပြန်ကြားရေးတာဝန်ခံ ကိုကျော်စိုးဝင်းက ယခင်က ယခုကဲ့သို့ပြဿနာများမှာ အနည်းအကျဉ်းသာ ရှိခဲ့သော်လည်း လက်ရှိတွင် နောက်ကွယ်မှ ကြိုးကိုင်မှုများကြောင့် ပိုများလာခဲ့သည်ဟု ပြောသည်။

“အခုက ကျောင်းသားထု၊ ဌာနမှူး၊ EC (ကျောင်းသားခါင်းဆောင်)တွေကြားမှာ ပြဿနာလေးတွေဖြစ်တာရှိပါတယ်။ ကျောင်းသားကဒ်အတွက်ကလည်း ကျောင်းသွင်းကတည်းက ကျောင်းသားတိုင်းပေးချေပြီးသားပါ။ ဒါကိုထပ်ကောက်တာတွေရှိတယ်။ အာစရိယပူဇော်ပွဲငွေကို ပေးမှ ကဒ်တစ်ခါတည်းထုတ်ပေးတယ်။ အာဏာသိမ်းမှူနောက်ပိုင်းတော့ ကျောင်းသားထုရဲ့ လွတ်လပ်မှုတွေနဲ့ အစကအနည်းအကျဉ်းပဲရှိတဲ့ ပြဿနာတွေဟာ အခုပိုများလာတယ်။ အဓိကကတော့ ဆရာ၊ ဆရာမ အပါအဝင် ကျောင်းတွင်းအာဏာပိုင် တွေကြောင့်လည်းပါတယ် ” ဟုပြောသည်။

ယင်းအပြင် ယနေ့ နိုဝင်ဘာ ၆ ရက်နေ့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂစစ်တွေမှ ထုတ်ပြန်ချက်တွင် အတင်းအဓမ္မ ငွေကောင်ခံသည့်ပုံစံအား ကျောင်းမှသတ်မှတ်ထားခြင်းမရှိဟု တက္ကသိုလ် အာဏာပိုင်၊ ဌာနမှူး တို့မှ ပြောဆိုထားကြောင်း ထည့်သွင်းဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လက်ရှိအဝေးသင် တတိယအသုတ်တွင် သမိုင်းမေဂျာအထူးပြုဖြင့် တက်ရောက်နေသည့် တက္ကသိုလ် တတိယနှစ်ကျောင်းသားတစ်ဦးက ၎င်း၏ အာစရိယပူဇော်ပွဲ အတွေ့အကြုံနှင့် ပတ်သက်၍ ယခုကဲ့သို့ပြောသည်။

“ကျောင်းသားကဒ်ထုတ်ရင် အာစရိယပူဇော်ပွဲအတွက်ပိုက်ဆံကတစ်ခါတည်းပေးရတယ်။ ဒါနဲ့ပတ်သက်ပြီး ရှေ့မှာတော့ ဘယ်သူမှမပြောကြပေမယ့် နောက်ကွယ်မှာပြောနေကြတာတွေတော့အများကြီးပဲ။ ပြီးတော့ အာစရိယပူဇော်ပွဲသွားရင်လည်း အအေးနဲ့ပေါင်မုန့်လောက်ပဲရတယ်ပေါ့နော်။ ဒါတောင်နောက်ကျရင်မရဘူး။ ဒီလောက်လူတွေအများကြီးဆီကနေ ကောက်ထားတဲ့ပိုက်ဆံတွေနဲ့ ဒါပဲရကြတာလား။ ပိုက်ဆံကောက် တဲ့သူတွေအနေနဲ့ ငွေစာရင်းဇယား ဘယ်လောက်ရတယ်။ ဘလောက်ကုန်ကျတယ်ပေါ့နော်။ အဲ့ဒါတွေကိုလည်း ချပြစေချင်ကြတယ် ” ဟုပြောသည်။

အဆိုပါကိစ္စနှင့်ဆက်စပ်၍ အာစရိယပူဇော်ပွဲအဓိကစီစဉ်သူများကို Western News က မေးမြန်းနိုင်ရန်ဆက်သွယ်ခဲ့ရာ အဆင်မပြေခဲ့ပေ။

ယခု ၂၀၂၃ ခုနှစ်တွင် တက်ရောက်လာသည့် အဝေးသင်များအတွက် အာစရိယပူဇော်ပွဲအတွက် ကောက်ခံသည့်ငွေမှာ ပထမအသုတ်တွင် တစ်ဦးလျှင် ၁၀၀၀၀ ကျပ်၊ ရုက္ခဗေဒ ၂၅၀၀၀ ကျပ်၊ ဒုတိယအသုတ်တွင် ၁၅၀၀၀ ကျပ်နှင့် လက်ရှိ တတိယအသုတ်တွင် ၆၀၀၀ ကျပ်မဖြစ်မနေထည့်ဝင်ကြရကြောင်း သိရသည်။

စစ်တွေတက္ကသိုလ်တွင် အာစရိယပူဇော်ပွဲအတွက် ငွေမဖြစ်မနေထည့်ဝင်ရန်ကောက်ခံခြင်းမှာ ယခု ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် အတွင်းတွင်သာမက ပြီးခဲ့သည့် ပညာသင်နှစ်တိုင်းတွင်လည်း အတန်းပိုင်ဆရာမများနှင့် ကျောင်းသားခေါင်းဆောင်များ ဦးဆောင်ကာ ထိုကဲ့သို့ ကောက်ခံမှုအား နှစ်စဉ်ပြုလုပ်နေကြခြင်းဖြစ်သည်။

ထိုသို့ကောက်ခံမှုတိုင်းအတွက် ရသည့်ငွေပမာဏအား စာရင်းရှင်းတမ်းမလုပ်ပေးခြင်းမှာ နှစ်စဉ်ဖြစ်ခဲ့ပြီး ပြီးခဲ့သည့် ခုနှစ်များကမူ ကျောင်းသားထုများအနေဖြင့် အဆိုပါကိစ္စနှင့်ဆက်စပ်၍ ပေါ်ပေါ်ထင်ထင် ် ပြောဆိုမှုတို့နည်းပါးခဲ့သည်။

လက်ရှိတွင်မူ အာဏားသိမ်းမှုနောက်ပိုင်း အကျပ်အတည်းများကြား ငွေကောက်ခံမှုပုံစံများမှာ ယခင်နည်းတူမပြောင်းလဲပဲရှိခဲ့ရာ အဆိုပါကိစ္စနှင့်ဆက်စပ်၍ ကျေနပ်မှုမရှိကြကြောင်းနှင့် ကျောင်းသားထုတစ်ရပ်လုံးမှ ကောက်ယူထားသည့် ငွေအား မည်ကဲ့သို့သုံးစွဲကြသည် မည်မျှကျန်သည် စသည်များအား သိလိုပြီး စာရင်းရှင်းတမ်းများပြုလုပ်ပေးကြရန် တောင်းဆိုမှုများအား တက္ကသိုလ်ကျောင်း သားများက ပေါ်လွင်စွာ ပြောဆိုရေးသားမှုတို့ ပြုလုပ်လာကြခြင်းဖြစ်သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/776864767786285

Leave a Reply

Your email address will not be published.