စစ်ဆင်ရေး ၁၀ ရက်အတွင်း စစ်ကောင်စီ တပ်စခန်း ၁၂၀ ကျော် သိမ်းပိုက်ရရှိဟု မဟာမိတ်ဖွဲ့ ထုတ်ပြန်

By Western News / 2023 November     5

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် ယနေ့ စစ်ဆင်ရေး ၁၀ ရက်အတွင်း စစ်ကောင်စီ တပ်စခန်း ၁၂၀ ကျော် သိမ်းပိုက်ရရှိကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က နိုင်ဝင်ဘာ ၅ ရက်နေ့ ညနေပိုင်းက သတင်းထုတ် ပြန်လာသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ထုတ်ပြန်ချက်မှာ စစ်ကောင်စီ၏ စစ်ရေးအရ အရေးပါသော တပ်စခန်းအကြီး၊ အငယ်များ၊ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာစခန်းများ စစ်ကောင်စီ၏ လက်အောက်ခံပြည်သူ့ စစ်စခန်းများ အပါအဝင် တပ်စခန်းစုစုပေါင်း ၁၂၀ ကျော်အား သိမ်းပိုက်ခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီ၏ တင့်ကားကြီးများ၊ ဟောင်ဝစ်ဇာလက်နက်ကြီးများနှင့် လေယာဥ်ပစ် လက်နက်ကြီးများနှင့် စစ်လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မဟာမိတ်အဖွဲ့၏ ထုတ်ပြန်ချက်တွင်  နိုဝင်ဘာလ ၅ ရက်နေ့၊ နံနက် ၁၀ နာရီကျော်ခန့်တွင် ကိုးကန့်တပ်မတော် MNDAA သည် မုံးကိုးခရိုင်၊ ရှောက်ချင်းရှုဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းအား စတင်ထိုးစစ်ဆင်ခဲ့ပြီး အပြီးသတ်ချေမှုန်း သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၅ ရက်နေ့၊ နံနက် ၆ နာရီ အချိန်ခန့်တွင် တအာင်းတပ်မတော် TNLA သည် ၎င်းတို၏ တပ်မဟာ ၃ စစ်ဒေသ၊ နမ့်ခမ်းမြိုနယ်၊ မိုင်းဝီးကျေးရွာအုပ်စုရှိ စစ်ကောင်စီ၏ “မန်ဝင်တပ်စခန်း” အား အပြီးသတ်ချေမှုန်း သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နိုဝင်ဘာလ ၅ရက်နေ့၊ နံနက် ၆ နာရီ အချိန်ခန့်တွင်လည်း တအာင်းတပ်မတော် TNLA သည် ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြိုနယ်၊ ပန်သပြေကျေးရွာရှိ၊ စစ်ကောင်စီတပ်စခန်းအား အပြီးသတ်ချေမှုန်း သိမ်းပိုက်ခဲ့သည်။

အလားတူ ယနေ့နေ့လယ် ၁၂ နာရီ အချိန်ခန့်တွင် တအာင်းတပ်မတော် (TNLA) သည် တပ်မဟာ (၃) စစ်ဒေသ၊ မန်တုံမြိုနယ်၊ ခိုမုန်းကျေးရွာရှိ စစ်ကောင်စီ၏ “ခိုမုန်းတပ်စခန်း” အား အပြီးသတ်ချေမှုန်း သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဆွေးနွေးသည့်အချိန်တွင် အပြုသဘောဆောင်သည့်ဆွေးနွေးမှုများ ဆောင် ရွက်နိုင်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် တိုက်ခိုက်မှုများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

“မိမိတို့အနေဖြင့် တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု ထား၍ဆောင်ရွက်ပေးခဲ့ကြောင်း၊ သို့သော် မိမိတို့ အပေါ်တိုက်ခိုက်မှုများ ဆောင်ရွက် လာခြင်းကြောင့် မိမိတို့အနေဖြင့်တန်ပြန်ချေမှုန်းမှုများကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း” ဟုဆိုသည်။

ထို့အပြင် အာဏာသိမ်း စစ်ကောင်စီဘက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူကုတ်(ပန်ဆိုင်းမြို့) တို့ကို လက်လွှတ်လိုက်ရပြီဟု စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ  ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံပြောဆို လိုက်သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/776330324506396

Leave a Reply

Your email address will not be published.