စစ်ကောင်စီ၏ အာဏာပလ္လင်ကို ကိုင်လှုပ်လာသည့် နယ်စပ်တိုက်ပွဲများ

By DMG / 2023 November         6

မြန်မာစစ်တပ်ဟာ ရှမ်းပြည်မြောက်ပိုင်းမှာ သူ့ရဲ့ အာဏာဖြန့်ကြက်နိုင်စွမ်းအပေါ် အကြီးအကျယ် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တရုတ်နဲ့ နယ်စပ်ချင်း ထိကပ်နေတဲ့ ဒီဒေသတွေမှာ လက်နက်ကိုင်သုံးဖွဲ့က စစ်ရေးမဟာမိတ်ဖွဲ့ပြီး တပ်မတော်စခန်းတွေကို ထိုးစစ်တွေ ဆင်နွှဲနေကြလို့ ဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာန်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ဟာ ညီနောင်မဟာမိတ် ၃ ဖွဲ့အဖြစ် ပူးပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီထိုးစစ်တွေအတွင်း မြန်မာနိုင်ငံရဲ့ အကြီးဆုံး စီးပွားရေးမိတ်ဖက်ဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ဆက်သွယ်ထားတဲ့ လမ်းမကြီးတွေရဲ့ အချက်အချာနေရာတွေကို မိမိတို့ ထိန်းချုပ်ထားပြီလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်ဟာ တရုတ်နိုင်ငံကို ထောက်ပံ့နေတဲ့ လောင်စာဆီနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ ရှိရာဒေသဖြစ်ပါတယ်။ ဒေါ်လာဘီလျံနဲ့ချီ သုံးစွဲထားတဲ့ ရထားလမ်းစီမံကိန်းဟာလည်း ရှမ်းပြည်မှာ တည်ရှိပါတယ်။ ဒီရထားလမ်းစီမံကိန်းဟာ တရုတ်က ကမ္ဘာနဲ့ချီပြီး အကောင်အထည်ဖော်နေတဲ့ ရပ်ဝန်းနဲ့လမ်း မဟာစီမံကိန်းကြီးရဲ့ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်ပါတယ်။

လက်နက်ကိုင်အုပ်စုတွေက မိမိတို့ဟာ ချင်းရွှေဟော်မြို့နဲ့ သိန္နီမြို့တို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီလို့ နိုဝင်ဘာလ ၁ ရက်နေ့တည်းက ပြောပါတယ်။ ချင်းရွှေဟော်ဟာ တရုတ်နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့မြို့ ဖြစ်ပြီး သိန္နီကလည်း တရုပ်နယ်စပ်အထိပေါက်တဲ့ လမ်းမကြီးပေါ်မှာ ရှိတဲ့မြို့ပါ။

MNDAA ရဲ့ပြောခွင့်ရ တစ်ဦးက မဟာမိတ်တပ်တွေဟာ နိုဝင်ဘာလ ၂ ရက်နေ့အထိ စစ်တပ်စခန်း ၈၀ ထက်မနည်း သိမ်းပိုက်ထားပြီး မြန်မာစစ်တပ်ဘက်က တပ်ဖွဲ့ဝင် ရာပေါင်းများစွာ သေဆုံးတယ်လို့ ပြောပါတယ်။ (နိုဝင်ဘာလ ၆ ရက်နေ့အထိ သိမ်းပိုက်ခဲ့တဲ့ စခန်းအရေအတွက်ဟာ ၁၂၀ ခန့် ရှိနေပါပြီ။)

 “ဒါက အာဏာသိမ်းမှုနောက်ပိုင်းမှာ စစ်အစိုးရ ရင်ဆိုင်ရတဲ့ အကြီးကျယ်ဆုံး စစ်ရေးလှုပ်ရှားမှုပါပဲ။ ဒီလိုဖြစ်ရတာလည်း အကြောင်းရင်းတွေ အများကြီးရှိပါတယ်” လို့ မြန်မာ့နိုင်ငံရေးကို အထူးပြုလေ့လာသူ ရစ်ချက်ဟိုဆေးက ပြောပါတယ်။

■ မတူကွဲပြားတဲ့ အကျိုးစီးပွားနဲ့ လက်နက်ကိုင်အုပ်စုတွေ

မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့ တစ်ဒါဇင်ကျော်ထက်မနည်းဟာ နယ်စပ်ဒေသတွေမှာ အခြေစိုက်ထားတာ ဖြစ်ပါတယ်။ သူတို့ထဲက အများအပြားဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ အကျိုးအမြတ် ကြီးမားလှတဲ့ သယံဇာတတွေကို ထိန်းချုပ်ခွင့် တို့အတွက် မြန်မာစစ်တပ်နဲ့ မြန်မာအစိုးရကို ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာခဲ့ကြတာပါ။

ညီနောက်မဟာမိတ်သုံးဖွဲ့မှာ တပ်ဖွဲ့ဝင်အင်အားဟာ ထောင်ပေါင်းများစွာ ရှိနေတယ်လို့ လေ့လာသူတွေက ယူဆကြပါတယ်။

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အုပ်စု အများအပြားအကြားက တိုက်ပွဲတွေဟာ ၂၀၂၁ ခုနှစ် မြန်မာစစ်တပ် အာဏာသိမ်းမှု နောက်ပိုင်းမှာ ပိုမိုပြင်းထန်လာခဲ့ပါတယ်။

ညီနောင်သုံးဖွဲ့ဟာ စစ်ရေးမဟာမိတ် ဖွဲ့ထားကြပေမယ့် မြန်မာစစ်တပ်ကို တိုက်ရာမှာတော့ သူတို့မှာ သီးခြားရည်မှန်းချက်တွေ ရှိကြတယ်လို့ ဟိုဆေးက ပြောပါတယ်။

 “ဘယ်သူတွေ တိုက်နေကြသလဲ၊ ဘာကြောင့်တိုက်ကြတာလဲ ဆိုတာကို ကြည့်ရမှာပေါ့လေ။ ခုဟာက စစ်အစိုးရကို ဖြုတ်ချပြီး ဒီမိုကရေစီ အစိုးရတစ်ရပ် ထူထောင်ဖို့လုပ်တဲ့ ပူးပေါင်း တိုက်စစ်ဆင်မှုကြီး မဟုတ်ပါဘူး” လို့ သူက DW သတင်းဌာနကို ပြောပါတယ်။

 “စစ်အစိုးရက နေရာအနှံ့မှာ အာရုံတွေ များနေတယ်လေ။ ဒါကြောင့် သူတို့ရဲ့ ရည်ရွယ်ချက်တွေကို တွန်းတင်ဖို့အတွက် အချိန်ကောင်းအဖြစ် ယူဆပြီး ဒီအဖွဲ့တွေဟာ အကျိုးရှိရှိ အသုံးချလိုက်တာပါ” လို့လည်း ရစ်ချက်ဟိုဆေးက ပြောပါတယ်။

မြင်းခွာပုံစံရှိတဲ့ မြန်မာနိုင်ငံရဲ့ ဗဟိုချက်မ နေရာမှာ အဓိက နေထိုင်ကြသူတွေဟာ ဗမာလူမျိုးစုတွေဖြစ်ပြီး ကျန်တိုင်းရင်းသား အများစုက အပြင်စက်ဝန်း ပတ်လည်မှာ အဓိက နေထိုင်ကြပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုတွေ အများအပြား ရှိတဲ့အထဲမှာ ဗမာလူမျိုးဟာ လူဦးရေ အများဆုံးဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးကို အဓိက လွှမ်းမိုးချုပ်ကိုင်ခဲ့တာကတော့ ဗမာတွေပါပဲ။ ဒါပေမဲ့ သူတို့ဟာ နိုင်ငံပိုင်နက်ကို ဘယ်တုန်းကမှ အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တဲ့ ၁၉၄၈ ခုနှစ်ကနေ လက်ရှိအချိန်အထိ နှစ်ပေါင်း ၇၅ နှစ်ခန့်အတွင်း ဘယ်အစိုးရကမှ နိုင်ငံကို ညီညီညွတ်ညွတ်ဖြစ်အောင် မစုစည်းနိုင်ခဲ့ပါဘူး။

■ တိုင်းရင်းသားအရေးအပေါ် အာဏာသိမ်းမှုရဲ့ သက်ရောက်ချက်

တိုင်းရင်းသားအရေး တင်းမာမှုတွေဟာ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းမှာ ပိုဆိုးသွားပါတယ်။ အာဏာသိမ်းပွဲကြောင့် တစ်ပြည်လုံးအနှံ့ စစ်အစိုးရကို ကန့်ကွက်ဆန္ဒပြမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ စစ်တပ်ဟာ ဒီဆန္ဒပြသူတွေ၊ သဘောထားကွဲလွဲသူတွေကို တင်းကြပ်ရက်စက်တဲ့ အမိန့်အာဏာတွေနဲ့ ဖြိုခွင်းခဲ့ပါတယ်။

ယုံကြည်လောက်တဲ့ အချက်အလက်တွေ မရရှိပေမယ့် အာဏာသိမ်းမှုနောက်ပိုင်း အသတ်ခံရသူ အရေအတွက်ဟာ ထောင်ပေါင်းများစွာ ရှိနေပြီလို့ ယူဆရပါတယ်။ ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ အရေအတွက်ဟာလည်း ၂၀၂၃ မတ်လအထိ ၁.၇ သန်းခန့်ရှိတယ်လို့ UNHCR ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) အဖွဲ့က စစ်တပ်ရဲ့ လက်ချက်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၄၁၀၀ ခန့်ရှိပြီး ဖမ်းဆီးခံထားရသူ ၂၅၀၀၀ ခန့်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုင်းရင်းသားပဋိပက္ခတွေ၊ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့များတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် မြန်မာစစ်တပ်ဟာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၃၃၀ အနက် မိမိတို့ ထိန်းချုပ်နိုင်ခြင်း မရှိတဲ့ မြို့အရေအတွက်ဟာ ၁၃၂ မြို့အထိ ရှိတယ်လို့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်ကောင်စီက ထုတ်ပြောထားပါတယ်။

■ စစ်တပ်အတွက် ကြီးမားတဲ့ ထိုးနှက်မှုတစ်ရပ်လား

ရှမ်းပြည်မြောက်ပိုင်းမှာ နယ်နိမိတ်တွေ ထပ်မံဆုံးရှုံးရခြင်းဟာ စစ်တပ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ရပ်ဖြစ်တယ်လို့ ဟိုဆေးက ပြောပါတယ်။

 “ဒါက တော်တော်လေးကြီးတယ်။ ခုအချိန်ထိ စစ်ကောင်စီဟာ တန်ပြန်ထိုးစစ်တစ်ရပ် မစနိုင်သေးဘူး။ သူတို့က တခြားနေရာတွေမှာ လက်တံဖြန့်ထားတာတွေ ရှိနေတော့ အခက်အခဲရှိနေတယ်” လို့ သူကဆိုပါတယ်။

International Crisis Group က မြန်မာ့အရေးကျွမ်းကျင်သူ သောမက်စ်ကင်းကတော့ လက်နက်ကိုင်အုပ်စုတွေရဲ့ ရှမ်းပြည်က စစ်ဆင်ရေးဟာ စစ်တပ်ရဲ့ အားနည်းချက်ကို ဖော်ပြနေတယ်လို့ ယူဆပါတယ်။

 “ဒီတစ်ခေါက် တိုက်ပွဲတွေက တော်တော် အရေးပါတယ်လို့ ကျွန်တော်ထင်တယ်။ အာဏာသိမ်းမှု နောက်ပိုင်းမှာ တစ်ချီတည်းနဲ့ တိုက်တဲ့ ထိုးစစ်တွေထဲမှာ အကြီးဆုံးဖြစ်နိုင်တယ်” လို့ သူက ဆိုပါတယ်။

 “နောက်တစ်ခုက TNLA နဲ့ MNDAA နှစ်ဖွဲ့လုံးဟာ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာ။ ဒီတော့ သူတို့က PDF တွေနဲ့ လက်တွဲပြီး တိုက်နေကြတာပေါ့။ နောက်ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ တော်လှန်ရေး တပ်တွေအကြားမှာလည်း ပူးပေါင်းဆောင်ရွက်မှုက တော်တော်လေး အရှိန်မြင့်လာနေတယ်” လို့လည်း သောမက်စ်ကင်းက ပြောပါတယ်။

ဒါပေမဲ့ ကင်းကလည်း ဟိုဆေးနဲ့ အမြင်တူနေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေကြားမှာ ကွဲပြားခြားနားနဲ့ ရည်မှန်းချက်တွေနဲ့ ပန်းတိုင်တွေ ရှိနေကြတယ်ဆိုတာကို သူကလည်း လက်ခံပါတယ်။

 “ဒီမဟာမိတ်ဖွဲ့မှုက တခြားဒေသတွေမှာပါ ကြီးမားတဲ့ သက်ရောက်မှု ရှိနိုင်မလား ဆိုတာကတော့ ကျွန်တော့အနေနဲ့ နည်းနည်း သံသယဖြစ်မိတယ်။ အခုတိုက်ခိုက်မှုမှာ ပါဝင်နေတဲ့ အဖွဲ့တွေမှာက ရည်ရွယ်ချက်တွေ ကြီးကြတယ်၊ ဒါပေမဲ့ သူတို့ ရည်မှန်းချက်မှာ အကန့်အသတ်ရှိတယ်။ တချို့ဒေသတွေမှာ စစ်တပ်ရဲ့ ဗျူဟာမြောက် စခန်းတွေကို တိုက်ထုတ်ပြီး နယ်မြေထိန်းချုပ်ရေး လုပ်ဖို့ကြိုးစားတာမျိုးပေါ့” လို့ သူကထောက်ပြပါတယ်။

 “သူတို့ရဲ့ ရည်မှန်းချက်တွေက ဒီထက်အများကြီး ပိုမယ် မထင်ပါဘူး” လို့လည်း ကင်းက သေသေချာချာ ပြောပါတယ်။

■ နယ်မြေတွေ တဖြည်းဖြည်း ဆုံးရှုံးလာနေ

မြန်မာစစ်တပ်ဟာ လက်နက်ကိုင်အုပ်စုတွေရဲ့ တိုက်ခိုက်မှုတွေကို လေကြောင်းကတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေနဲ့ တုံ့ပြန်နေပါတယ်။

ရေရှည်မှာ စစ်တပ်က ဒီစိန်ခေါ်မှုကို ဘယ်လိုကိုင်တွယ်သလဲ ဆိုတဲ့အချက်ကိုကြည့်ပြီး စစ်တပ်ရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းနဲ့ ရင်းမြစ်သုံးစွဲနိုင်စွမ်းကို ခန့်မှန်းလို့ရနိုင်မယ်လို့ ကင်းက ပြောပါတယ်။

ဒါပေမဲ့ စစ်တပ်အတွက်လည်း သူတို့ဆုံးရှုံးသွားတဲ့ နယ်မြေတစ်ချို့ကို ပြန်သိမ်းပိုက်ဖို့ဆိုတာ တော်တော်လေးတော့ ခက်ခဲမယ်လို့ ကျွန်တော်ပြောချင်ပါတယ်” လို့ သူကပြောပါတယ်။

ဒီပဋိပက္ခ တစ်ခုလုံးကို ခြုံကြည့်ရင် စစ်ကောင်စီဟာ မြေပြင်ထိန်းချုပ်မှုတွေကို ဖြည်းဖြည်းချင်း ဆုံးရှုံးလာနေတယ်လို့လည်း ကင်းက ယူဆပါတယ်။

 “စစ်တပ်ဟာ ထိန်းချုပ်နယ်မြေတွေ ဖြည်းဖြည်းချင်း ဆုံးရှုံးလာနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီထိုးစစ်မှာ တကယ်တမ်း မြင်နေရတာလည်း ဒီအချက်ပါပဲ။ အခြေခံအားဖြင့်တော့ စစ်တပ်က ဒေသ တော်တော်များများမှာ မြို့တွင်းနေရာတွေနဲ့ စစ်စခန်းတွေကို ထိန်းချုပ်ထားနိုင်တယ် ဆိုပေမဲ့ ဒီနေရာတွေကနေ အပြင်ထွက်လိုက်တာနဲ့ စိတ်ချလက်ချ သွားလာလို့ မရတော့ပါဘူး” လို့ သူကပြောပါတယ်။

 “သူတို့က ပြောက်ကျားတိုက်ခိုက်မှုတွေကို ရင်ဆိုင်နိုင်စွမ်း အားနည်းတယ်။ အစိတ်အပိုင်းတွေ  နည်းနည်းချင်းစီ မသိမသာ ဆုံးရှုံးသွားသလိုမျိုးပဲ။ နိုင်ငံနဲ့ စစ်တပ်ထိန်းချုပ်နိုင်စွမ်းက တစ်စစီ ဖဲ့ခြွေခံနေရသလို ဖြစ်နေတာကိုး” လို့ သောမက်စ်ကင်းက ဆိုပါတယ်။

Deutsche Welle မှာဖော်ပြထားတဲ့ Myanmar border clashes challenge junta’s grip on power ကို ဆီလျော်အောင် ဘာသာပြန်ပါတယ်။ မူရင်းသရုပ်ဖော်ပုံ – Deutsche Welle

#DMG #Myanmaraffair #ရှမ်းမြောက် #ညီနောင်မဟာမိတ်

https://www.facebook.com/dmgnewsagency/posts/728465602660372

Leave a Reply

Your email address will not be published.