By Western News / 2023 November 28

အာဏာသိမ်းစစ်ကောင်စီမှ နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုများ ကျူးလွန်နေသော စစ်ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်ခြင်းမရှိစေရန် ရခိုင်ပြည်အတွင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး အများစုမှာ တိမ်းရှောင်နေကြကြောင်း စုံစမ်းသိရသည်။
အထူးသဖြင့် ရခိုင်တွင် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှာ ရပ်/ကျေးအုပ်ချုပ်ရေးမှူး၏ လုပ်ငန်းတာဝန်များကို မလုပ်ကိုင်ကြတော့ဘဲ ဘေးကင်းရာနေရာသို့ တိမ်းရှောင်နေကြသည်ဟု တိမ်းရှောင်နေသူများက ပြောဆိုကြသည်။
ပူပူနွေးနွေးလေးသာ ရှိသေးသည့် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း မင်းပြားစစ်ကောင်စီတပ်ရင်းများက မြို့ပေါ် ရပ်ကွက်များကို လှည့်လည်ပြီး အကြမ်းဖက် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် မင်းပြားတစ်မြို့လုံး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
မင်းပြားမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက “ကျနော်တို့က ဘာဖြစ်လို့ တိမ်းရှောင်နေလဲဆိုတော့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာ မပါဝင်စေချင်လို့ပဲ။ စစ်ကောင်စီက ရခိုင်ပြည်သူတွေကို သတ်ဖြတ်နေတယ်။ ပြည်သူတွေ အိုးအိမ်စွန့်ခွာရအောင်လုပ်တယ်။ ပြည်သူတွေရဲ့ နေအိမ်တွေကို လက်နက်ကြီးနဲ့ပစ်တယ်။ ဒါက အကြမ်းဖက်တာပဲ။ ဒီလိုအကြမ်းဖက်တာမျိုးကို ကျနော်တို့ လက်ခံလို့မရဘူး။ ဒါ့ကြောင့် စစ်ကောင်စီရဲ့ အလုပ်တာဝန်တွေကို မလုပ်ပေးနိုင်တော့လို့ တိမ်းရှောင်နေတာပါ” ဟု ပြောသည်။
မင်းပြားမြို့နယ်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၂၀၀ ခန့်ရှိသည့်အနက် ၁၅၀ ကျော်မှာ တိမ်းရှောင်နေပြီး အုပ်ချုပ်ရေးမှူးတစ်ဦး၏ လုပ်ငန်းတာဝန်များကို ရပ်ဆိုင်းထားကာ စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ရှုတ်ချနေကြသည်။
ရခိုင်ပြည်သူအပေါ် ဦးတည်တိုက်ခိုက်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်ကို လက်မခံသောကြောင့် စစ်တွေမြို့တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့ တိမ်းရှောင်နေကြပြီး အုပ်ချုပ်ရေးမှူးတစ်ဦး၏ လုပ်ငန်းတာဝန်များကို ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက လုပ်ဆောင်နေရကြောင်း သိရသည်။
စစ်တွေမြို့ ရပ်ကွက်တစ်ခုမှ ရာအိမ်မှူးတစ်ဦးက “အခု ဧည့်စာရင်းတိုင်းတာတွေကို ကျနော်တို့က ဦးဆောင်ပြီး လုပ်ပေးနေရပါတယ်။ အုပ်ချုပ်ရေးမှူးက မရှိဘူး။ ခရီးထွက်နေပါတယ်။ အုပ်ချုပ်ရေးမှူး မရှိတဲ့အချိန်မှာ ကျနော်တို့အစား ဝင်လုပ်ပေးနေရတာပေါ့” ဟု ပြောသည်။
လက်တလော စစ်ရေးပြင်းထန်နေသည့် ပေါက်တောမြို့နယ်ဆိုလျှင် စစ်ကောင်စီနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှာ အဆက်အသွယ် လုံးဝပြတ်တောက်ထားပြီး နုတ်ထွက်သကဲ့သို့ ဖြစ်သွားပြီဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
“ပေါက်တောမြို့မှာ စစ်ကောင်စီရဲ့ ယန္တရားက မရှိတော့ဘူးလေ။ အခုလည်း မြို့ထဲမှာ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတာဆိုတော့ လူတွေလည်း မရှိသလောက်ဖြစ်သွားပြီ။ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေလည်း စစ်ကောင်စီ ခိုင်းတာတွေကို မလုပ်ကြတော့ဘူး။ ကျနော်တို့ ပြည်သူတွေကို သတ်ဖြတ်တယ်။ ဖမ်းဆီးတယ်။ နေအိမ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ပြီး မီးရှို့နေတော့ ကျနော်တို့လည်း အလုပ်လုပ်မချင်တော့ဘူး။ နုတ်ထွက်ဖို့တောင် ကျနော်တို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ ပြင်ဆင်နေပါတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာ ကျနော်တို့ မပါစေချင်ဘူး။ သမိုင်းတရားခံမဖြစ်စေချင်ဘူး” ဟု ပြောသည်။
ရခိုင်ပြည်သူများအား နေ့စဉ်နှင့်အမျှ ဖမ်းဆီး၊ သတ်ဖြတ်နေသော အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများလည်ပတ်နိုင်ရန် ကူညီပံ့ပိုးပေးခြင်းနှင့် အကြမ်းဖက်များကျူးလွန်စေရန် အားပေးအားမြောက် ဖြစ်စေမည့် လုပ်ငန်းများ စသည်တို့ကို မပြုလုပ်ပေးကြရန် တိုက်တွန်းသူများရှိနေသည်။
မြောက်ဦးမြို့မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက “ရပ်/ကျေးအုပ်ချုပ်ရေးမှူးရေးတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ စစ်ကောင်စီနဲ့ အကျိုးတူလုပ်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဒီအချိန်မှာ စစ်ကောင်စီဟာ ပြည်သူတွေကို သတ်ဖြတ်နေတဲ့အတွက် သူတို့နဲ့ မပူးပေါင်းစေချင်ဘူး။ အာဏာသိမ်းစစ်ကောင်စီကို ရခိုင်ပြည်တစ်ရပ်လုံးက တွန်းလှန်သင့်တယ်။ အထူးသဖြင့် ရာထူးအကြီးတွေယူထားတဲ့သူတွေကို ပြောချင်ပါတယ်။ ဝန်ကြီးတွေထဲမှာလည်း ရခိုင်လူမျိုးဝန်ကြီးတွေရှိနေတယ်။ အခုအချိန်မှာ ဝန်ကြီးရာထူးက နုတ်ထွက်သင့်တယ်။ စစ်ကောင်စီက ကလေးတွေ၊ အမျိုးသမီးတွေကို သတ်ဖြတ်နေတာ၊ ဝန်ကြီးတွေက ဆက်လက် စစ်ကောင်စီနဲ့ ပေါင်းနေမယ်ဆိုရင် လူသတ်တရားခံနဲ့ အတူတူပါပဲ ပြည်သူတွေ မနှစ်သက်တဲ့သူတွေကို မကူညီပေးသင့်ဘူး။ ပြည်သူတွေနဲ့အတူတူ တွန်းလှန်သင့်တယ်” ဟု ပြောသည်။
ရက္ခိုင့်တပ်တော် ULA/AA က အာဏာသိမ်းစစ်ကောင်စီကို ရခိုင်ပြည်ထဲက တိုက်ထုတ်နေပြီး ပြည်သူလူထုတစ်ရပ်လုံးကလည်း ပူးပေါင်းဝင်ကြရန် ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့က ပြန်လည်စတင်ခဲ့သည့် စစ်ကောင်စီနှင့် AA တို့တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ပြည်သူကို ဦးတည်တိုက်ခိုက်သော လက်နက်ကြီးများနှင့် သတ်ဖြတ်မှုတို့ကြောင့် ရခိုင်ပြည်သူ ဒါဇင်နှင့်ချီ သေဆုံးလျှက်ရှိနေပြီး ထိခိုက်ဒဏ်ရာရသူနှင့် ဖမ်းဆီးခံရသူ ဆယ်နှင့်ချီ ရှိနေကြောင်း စုံစမ်းသိရသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/789509649855130