(မအ နမ်ဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင် ယတြာချေခြင်းဟုလည်းဆို)
By Western News / 2023 November 7

ရခိုင်ပြည်အတွင်း ကမ်းခြေဒေသရှိ မြို့နယ်များတွင် စစ်ကောင်စီက ပြုလုပ်မည့် ပထမဆုံးအကြိမ် ရခိုင်ဆောင်းဦးပွဲတော်မှာ စစ်ကောင်စီ၏ ဝါဒဖြန့်ပွဲရေးပွဲတော်သာ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
မာန်အောင်မြို့နယ် ကအီးကမ်းခြေမှာ ရခိုင်ဆောင်းဦးပွဲတော် ကျင်းပနိုင်ရန် ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့က တောင်ကုတ်ခရိုင်မှူး ဦးဆောင်သော မြို့နယ်စစ်ကောင်စီအဖွဲ့နှင့် ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များ ပေါင်းပြီး မာန်အောင် အားကစားခန်းမတွင် အစည်းအဝေး ပြုလုပ်ခဲ့ကြသည်။
မာန်အောင်မှာ ဆောင်းဦးပွဲတော်ကို ၅ ရက်တာ ကျင်းပမည်ဖြစ်ပြီး ဖူဆယ်ဘောလုံးပွဲအပါအဝင် ဈေးပွဲတော်လည်း ထည့်သွင်းကျင်းပသွားမည်ဟု အစည်းအဝေးဆုံးဖြတ်ချက်အရ သိရသည်။
စစ်ကောင်စီက ရခိုင်မှာ ဆောင်းဦးပွဲတော်ကို ပြုလုပ်ခြင်းသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အကြောင်းပြပြီး ရခိုင်ပြည်တည်ငြိမ်အေးချမ်းနေခြင်းနှင့် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းနေသည်ကို ပြလိုသည့် ဝါဒဖြန့် ပွဲသာ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
တက်ကြွလှုပ်ရှားသူ မာန်အောင်ဒေသခံတစ်ဦးက “စစ်ကောင်စီက ရခိုင်ပြည် တောင်ပိုင်းဒေသ နေရာ လေးခု လောက်မှာ ဆောင်းဦးပွဲတော် လုပ်ဖို့ စီစဉ်နေပါတယ်။ မာန်အောင်လုပ်ခဲ့တဲ့ အစည်းဝေးမှာပြောတာက ခရီးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်လုပ်တာလို့ သိရပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ စစ်ကောင်စီက ရခိုင်ပြည်ဟာ တည်ငြိမ်အေးချမ်းနေတယ်။ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းနေတယ်ဆိုတာကို နိုင်ငံတကာကို သိအောင် ပြသချင်တာ ဖြစ်ပါတယ်။ ဒါက စစ်ကောင်စီရဲ့ ဝါဒဖြန့်ပွဲတော်လို့ ပြောရမယ်။ ရခိုင်ဆောင်းဦးပွဲတော်ဆိုတကာ အမည်ခံသက်သက်ပဲ အသုံးချသွားတာပါ။ “
သံတွဲ၊ ကျိန္တလီ၊ မာန်အောင် အပါအဝင် ရခိုင်ပြည်တောင်ပိုင်းဒေသက နေရာ ၄ ခုတွင် ရခိုင်ဆောင်းဦးပွဲတော်ကို စစ်ကောင်စီက ကျင်းပသွားမည်ဟု ကနဦး သတင်းရရှိထားပြီး တရုတ်နိုင်ငံတွင်ပြုလုပ်သည့် ဆောင်းဦးပွဲတော်ကို အတုယူ ကျင်းပခြင်းဖြစ်သည်ဟုလည်း သိရသည်။
သို့သော်လည်း မည်သည့်လ၊ မည်သည့်ရက်များအတွင်း ရခိုင်ဆောင်းဦးပွဲတော်အား ကျင်းပသွားမည်ကို စစ်ကောင်စီ တရားဝင်အသိပေး ထုတ်ပြန်ထားခြင်းမရှိသေးပေ။
သံတွဲမြို့နယ် ငပလီကမ်းခြေတွင် ရခိုင်ဆောင်းဦးပွဲတော်ကို ကျင်းပမည်ဟု ဒေသခံများကြားတွင် သတင်းများပျံ့နှံ့နေကြောင်းနှင့် မြို့နယ်အဆင့် စစ်ကောင်စီတာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ကြမည်ဟု သိရသည်။
ဒေသခံများအကျိုးစီးပွားတိုးတက်ရေးအတွက် ရည်ရွယ်ပြီး ရခိုင်ဆောင်ဦးပွဲတော်ကို ပြုလုပ်ပါက ကြိုဆိုထောက်ခံကြောင်းနှင့် အကယ်၍ စစ်ကောင်စီက ရခိုင်ဆောင်းဦးပွဲတော်ကို အသုံးချပြီး ၎င်းတို့အတွက် နိုင်ငံတကာတွင် မျက်နှာဗန်းလှခြင်း၊ အကျိုးစီးပွားအတွက် ပြုလုပ်ပါက လက်မခံသင့်ကြောင်း ငပလီကမ်းခြေဒေသခံတစ်ဦးက ပြောသည်။
“ရခိုင်မှာ ဆောင်းဦးပွဲတော်ဆိုတာက တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဘူးပေါ့နော်။ အခုက ပထမဆုံး အကြိမ်ပေါ့။ ခရီးသွားလုပ်ငန်းကို မှီခိုနေကြတဲ့ ဒေသတွေမှာ အဓိကထား လုပ်မှာဆိုတော့ ဒီဆောင်းဦးပွဲတော်က ခရီးသွားများများ လာရောက်ကြမှာပေါ့နော်။ ဒေသအတွက် အကျိုးရှိရင်တော့ ထောက်ခံကြိုဆိုရမှာပေါ့။ ဒါပေမယ့် စစ်ကောင်စီက နိုင်ငံရေးအရ၊ သူတို့ ကိုယ်ကျိုးအတွက် အမည်ခံသက်သက်ပဲ အသုံးချသွားမယ်ဆိုရင်တော့ လက်ခံနိုင်စရာ အကြောင်းမရှိဘူး” ဟု ပြောသည်။
စစ်ကောင်စီ ပြုလုပ်မည့် ဆောင်းဦးပွဲတော်မှာ ရခိုင်ပြည်တောင်ပိုင်းဒေသတွင် အဓိကထားလုပ်မည်ဖြစ်၍ စစ်တွေမှတစ်ဆင့် သွားရောက်မည့် ဒေသခံပြည်သူများအတွက် ကစ္ဆပနဒီ သင်္ဘောများဖြင့် အခမဲ့ ပို့ဆောင်နိုင်ရန် စစ်ကောင်စီက စီစဉ်နေသည်။
တောင်ကုတ်-မာန်အောင် ရေကြောင်းခရီးကိုလည်း အခမဲ့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ပွဲတော်ကာလတစ်လျှောက် ပို့ဆောင်ပေးမည်ဟု သိရသည်။
ရခိုင်ဆောင်းဦးပွဲတော်ကို စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် အကြီးအကဲများ တက်ရောက်နိုင်ပြီး အထူးသဖြင့် မာန်အောင်မှာပြုလုပ်မည့် ဆောင်းဦးပွဲတော်ကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မည်ဟု သတင်းထွက်ပေါ်နေသည်။
အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီသည် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြင့် နေ့စဉ်နှင့်အမျှ တိုက်ပွဲများဖြစ်ပွားနေ၍ တပ်သားအမြောက်အများဆုံးရှုံးခြင်းနှင့် စစ်စခန်းများ လက်လွှတ်ဆုံးနေရသည်။
ယင်းအပြင် လတ်တလောတွင် AA ပါဝင်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့က 1027 စစ်ဆင်ရေးဖြင့် ရှမ်းပြည်မြောက်ပိုင်းဒေသတွင် စစ်ကောင်စီတပ်စခန်းများကို ဆက်တိုက် သိမ်းပိုက်နေသည့်အပြင် မြို့သိမ်းတိုက်ပွဲအထိ ဖော်ဆောင်နေကြသည့်အတွက် စစ်ကောင်စီမှာ အရှုံးများစွာနှင့် ရင်ဆိုင်နေရသည်။
မာန်အောင်မြို့မှာ ပြုလုပ်မည့် ရခိုင်ဆောင်းဦးပွဲတော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ယတြာချေခြင်းတစ်မျိုးဟု သုံးသပ်သူတစ်ဦးက ပြောသည်။
“မင်းအောင်လှိုင် (မအ)၊ မာန်အောင် (မအ)၊ ကအီးကမ်းခြေဟာ ရေလှိုင်းထန်တယ်။ အခု ရခိုင်ဆောင်းပွဲတော်ကလည်း ရေနဲ့အနီးဆုံးနေရာတွေမှာ လုပ်မှာဖြစ်တယ်။ ရ၊ ယ၊ လ၊ ဝ ဗုဒ္ဓဟူးနမ် (လ) စစ်ကောင်စီရဲ့ ယတြာချေတာမျိုး ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက အခု စစ်လည်းရှုံးနေတယ်။ အသေအပျောက်တွေ များနေတယ်။ နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေကို ဆက်တိုက်ကြုံတွေ့နေရတယ်။ ဒါ့ကြောင့် သူတို့ အမြဲယုံကြည်ပြီး လုပ်လေ့ရှိတဲ့ ယတြာချေတာမျိုးတွေကို လုပ်နေတာဖြစ်တယ်။ ” ဟု ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်သည် တည်ငြိမ်းအေးနေသည်ဟု ဆိုသော်လည်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ အပစ်အခတ်ရပ်စဲထားသည့် သဘောတူညီမှုမှာ အချိန်မရွေး ကျိုးပေါက်နိုင်သည့်အတွက် စစ်ပွဲများပြန်လည်ဖြစ်ပွားရန် နှစ်ဖက် တင်းမာနေသည့် အခြေအနေမျိုးဖြစ်သည်ဟု သုံးသပ်သူများက ပြောဆိုနေကြသည်။
ရှမ်းပြည်မြောက်ပိုင်းဒေသတွင် AA ပါဝင်သည့် ညီနောင်မဟာမိတ်တပ်ဖွဲ့များက စစ်ကောင်စီ တပ်စခန်းများကို အမြစ်ပြတ်ချေမုန်းနေသည့်အတွက် ရခိုင်ပြည်တွင်လည်း စစ်မျက်နှာ ပြန်ပွင့်လာနိုင်၍ ဒေသခံပြည်သူများအနေဖြင့် အထူးဂရုစိုက်နေထိုင်ကြရန် နိုင်ငံရေးသုံးသပ်သူများက တိုက်တွန်းနေကြသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/777527987719963